၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

ယမန်နေ့က စတင်လိုက်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့က တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင်တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈)လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ (တစ်သောင်းကျော်)နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စတုတ္ထမြောက် တိုက်ခိုက်မှုအဖြစ် တပ်မဟာ(၆)စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ် စခန်းတို့ကိုလည်း နံနက်ပိုင်း (၅း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်း (၁၂း၀၀)နာရီအချိန်တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ၏ သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁) လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံအမြောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် (၅) ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် (၁၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor