လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။

မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက “သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊ ခုတောင် ခေါင်းပေါင်းကျင်းလို့ ရှာရတာ၊ ဘက်ဟိုးကလည်း မရှာပေးဘူး၊ မြေတောင်ပြန်ဖို့တာ”ဟု ပြောသည်။

ခေါင်းပေါင်းကျင်းရာမှ မြေပြိုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဆန်ခါကျေးရွာအနီး၌ စစ်ကောင်စီနှင့် KIA အား အကျိုးတူ အကျိုးအမြတ်ပေးကာ ကျောက်တူးဖော်နေသည့် တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်၊ ရတနာရွှေအိတ်ကုမ္ပဏီလုပ်ကွက်နှင့် ယခုမြေပြိုသည့် နေမင်းကမ္ဘာကုမ္ပဏီလုပ်ကွက်တို့ လုပ်ကိုင်နေကြသည်။

“ကုမ္ပဏီဝင်းထဲဝင်ရဖို့တောင် ဂိတ်နှစ်ခု လောက်ဖြတ်ရတာ ပြောရရင် ခုသေဆုံးသူတွေတောင် ရေမဆေးအစစ်လား ကုမ္ပဏီဝန်ထမ်းကိုဖျောက်ထားတာလားတောင်မသိဘူး၊ တော်ရုံမှ မဝင်ရပဲဗျာ၊ ပြီးတော့ခုလည်းကြည့် ရှာဖွေကယ်ဆယ်ရေးဆက်မလုပ်ဖို့ တားတယ်လို့ကြားတယ်ဗျ”ဟု ကျေးရွာဒေသခံက ဆိုသည်။

ဖားကန့်၌ ယခုလ (၁၆)ရက်နေ့ ညနေပိုင်းက KIA တပ်မဟာ (၉)ရှိရာနယ်မြေအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး KIA အရာရှိ နှစ်ဦးနှင့် အခြားရဲဘော်များ သေဆုံးခဲ့သော်လည်း ယခုခေါင်းပေါင်း မြေစာပြိုကျရာ ဆန်ခါအနီးမှ ကုမ္ပဏီလုပ်ကွက်များကမူ အရှိန်အဟုန်မပျက် ကျောက်တူးဖော်နေဆဲဖြစ်သည်။

ဖားကန့်၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ (၂၃)ရက်နေ့က အနမ့်ပါ‌ဒေသအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲချိန် KIA အရာရှိများနှင့် အရပ်သားပြည်သူများ ကချင်အဆိုတော်များ အပါအဝင် ၆၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ဖားကန့်ဒေသတွင် စစ်ကောင်စီ၊ KIA အစိုးရနှင့် လုပ်ငန်းရှင်တို့ သုံးဦးသုံးဖလှယ် အကျိုးတူလုပ်ငန်းများ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း၊ သယံဇာတစည်းကမ်းမဲ့ တူးဖော်မှုအောက်တွင် အရပ်သားပြည်သူများ အသက်အိုးအိမ်များ စွန့်ခွာစတေးနေရဆဲဖြစ်သည်။

#RedNewsAgency

By Editor