ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် KPDF တို့ ဆိပ်မူ(အ.ထ.က)ကျောင်းအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီကျော်ကြာမြင့်ကြာချိန်တွင်း စစ်ကောင်စီတပ်၏ ဆိပ်မူဗျူဟာကုန်းမှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိတွေ့မှု စတင်ဖြစ်ပွားချိန်သည် ဆိပ်မူ (အ.ထ.က)ကျောင်းမှ ထမင်းစား ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျောင်းသားမိဘ ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရပြီး တိုက်ပွဲအတွင်းပိတ်မိနေသည့် ပြည်သူအများအပြားလည်း ရှိခဲ့ကြောင်း၊ ညနေ (၃) နာရီခန့်မှစ လမ်းများပြန်ပွင့်သွားပြီး အခြေအနေတည်ငြိမ်သွားပြီဖြစ်ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေနှင့် ပြည်သူများထိခိုက်မှု အခြေအနေကို မသိရှိရသေးသော်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ပြီး အထည်ဆိုင်တစ်ဆိုင် မီးလောင်ခဲ့ကြောင်း၊ ဆိပ်မူကျေးရွာသည် ဖားကန့်မြို့နှင့်တစ်ဆက်တည်း ရှိနေသည့် ကျေးရွာအုပ်စု ရွာကြီးတစ်ရွာဖြစ်သည်။

#RedNewsAgency

By Editor