ကန်ပက်လက်မြို့ထိန်းချုပ်နိုင်ရေး CDF-Kanpetlet ကြိုးပမ်းနေ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ပြည်သူ ၈၀ ရာခိုင်နှုန်းခန့် စစ်ဘေးရှောင်နေရသည့်အတွက် မြို့ပေါ်ထိန်းချုပ်နိုင်ရေး CDF-Kanpetlet ရဲဘော်များ ကြိုးပမ်းနေကြောင်း သိရသည်။
ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပညာရေးမှူးရုံးတို့တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကို CDF-Kanpetlet ရဲဘော်များက စက်တင်ဘာလ ၂၇ ရက်နေ့က ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့အထိ ကန်ပက်လက်မြို့ပေါ်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။
“ကန်ပက်လက်မြို့ပေါ် တိုက်ပွဲတွေစကတည်းက စစ်ဘေးရှောင်ခဲ့ကြတာ မြို့ပေါ်ရဲ့ ၈၀ ရာခိုင်နှုန်း စစ်ဘေးရှောင်နေကြရတယ်။ အခုကတော့ မြို့ပေါ်ကို ပြန်ထိမ်းချုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစာချင်တာပါ။ စခန်းသိမ်း Mission နဲ့ ထွေအုပ်ရုံးတိုက်ခိုက်ကြပေမဲ့ လက်နက်ကြီးပစ်ကူလိုအပ်တာကြောင့် ဆုတ်ခွါပေးခဲ့ကြရတာဗျ” ဟု CDF-Kanpetlet မှ တာဝန်ရှိသူတဦးက ပြောသည်။

ကန်ပက်လက်မြို့ ထွေအုပ်ရုံးနှင့် ပညာရေးမှူးရုံး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ကျဆုံးမှုရှိကြောင်း၊ ဇူလိုင်လအတွင်းကလည်း ကျင်ဒွေးမြို့ရိက္ခာပို့ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် CDF-Kanpetlet တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်သည််မြို့ပေါ်များတွင်သာ တပ်စွဲထားနိုင်ပြီး အခြားသော ကျေးရွာနှင့်နယ်မြေများကို စိုးမိုးမှုမရှိတော့ကြောင်း၊ ချင်းပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေစိုးမိုးရေးများရရှိထားပြီး အုပ်ချုပ်ရေးနှင့် ပညာရေးစသည့် ကဏ္ဍများကိုပါ အကောင်အထည်ဖော်မှုများရှိနေကြောင်း သိရသည်။
Red News Agency
By Editor