Red News Agency

Independent Journalism for Justice and Human Rights.

ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

Written by

in

RNA_ ဖားကန့်၊ စက်တင်ဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။

ယနေ့ နံနက် (၄)နာရီ ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို KIA/KPDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးဖြင့် ဆေးကုသနေသည့် စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် အရာရှိ ၂ ဦး ယနေ့ နေ့လယ် (၂)နာရီကျော်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

စရဖ အကြီးအကဲကို လက်နက်ကိုင်ရဲ ဆယ်ဦးထက်မနည်း လုံခြုံရေးပေးပြီး ဆေးဝါးကုသနေသည့်အချိန် KPDF မှ ကားသုံးစီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဖားကန့်ပြည်သူ့ဆေးရုံကြီး၌ နံနက်ပိုင်းက ရရှိခဲ့သော ဒဏ်ရာအား ကုသနေသည့် ဖားကန့်မြို့နယ်၏ စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် လည်းကောင်း၏ PA (ကိုယ်ရေးအရာရှိ)တစ်ဦး၊ အရာခံဗိုလ်တစ်ဦး စုစုပေါင်းသုံးဦးလုံး ပစ်သတ်ခံရကြောင်း သိရသည်။

“ဖားကန့်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ပိုက်ဆံတောင်းပြီး ခွင့်ပြုတဲ့သူ၊ လောင်းကစား၊ ဖာခန်း၊ ကျောက်ရောင်းဝယ်တဲ့လုပ်ကွက်၊ ဈေးဆိုင်တွေကို ခြိမ်းခြောက် ငွေညစ်တာကအစ အကုန်သူပါတယ်၊ ရှင်းလင်းလိုက်နိုင်ပါတယ်” ဟု KPDF ရဲဘော်တစ်ဦးက Red News Agency ကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဆေးရုံနောက်ဘက်ရှိ ဉရုချောင်းကိုဖြတ်ကူးထွက်ပြေးသည့် ရဲတစ်ဦး ရေနစ်ကာ ထပ်မံသေဆုံးကြောင်း၊ ပြည်သူများထိခိုက်မိခြင်း မရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း စရဖရုံး ဝင်ရောက်စီးနင်းချိန်တွင် စရဖ ရဲတစ်ဦး၊ ၎င်း၏ အမျိုးသမီးနှင့် ကလေးအပါအဝင် အခြားအမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း KPDF ရဲဘော်တစ်ဦးက Red News Agency ကို ပြောသည်။

#RedNewsAgency