အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

” ကဲ..အခုတော့ ရွှေသမင်ဘယ်ကထွက်သလဲ၊ အကြမ်းဖက် စစ်ကောင်စီက သိပြီ၊ အရေးယူပစ်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုတာမျိုး အသံထွက်လာပါပြီ။ စီးပွားရေး လုပ်ငန်းရှင်တွေပြီးတဲ့နောက် မိုးမြင့်ထွန်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြီးပိုင်းတွေကို မေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူတာ၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစား လုပ်ခဲ့တာပေါ်ပေါက်လို့ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားပါပြီ”
*********************************
ငြိမ်းမောင်

ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်လို့ ဖမ်းဆီးအရေးယူခံထားရတဲ့ အကြမ်းအုပ်စုက ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ မိုးမြင့်ထွန်းကို အဂတိအမှုနဲ့ စပြီးစစ်ဆေးနေပြီ၊ မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကိုလည်း အကြမ်းအုပ်စုက နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြထွန်းဦး ကို ပြောင်းလဲတာဝန်ယူပေးလိုက်ပါပြီဆိုတဲ့ သတင်းများ ဒီရက်ပိုင်းမှာ ကြားလာရပါပြီ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား အကြမ်းဖက် စစ်ကောင်စီရေ။

စစ်အုပ်စုက ကြာသာပတေးနံတွေဖြစ်တဲ့ မိုးမြင့်ထွန်းနဲ့ မြထွန်းဦးကို အပြောင်းအလဲဗလောင်းဗလဲ လုပ်လိုက်တဲ့ ကော်မတီ ၃ ခုဆိုတာကတော့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန် ရေးဗဟိုကော်မတီတွေဖြစ်ပါတယ်။ ဒီတာဝန်ကို ယူခဲ့ရပြီး အဂတိမှုနဲ့ ရာထူးကဖယ်ရှား ဖမ်းဆီးခံရ ဒီလို စစ်ဆေးခံနေရတဲ့  မိုးမြင့်ထွန်းဟာ သူ့ရဲ့ များပြားတဲ့ ရာထူးတွေကြောင့် “စူပါဗိုလ်ချုပ်’’ လို့ တင်စား ခံထားရတယ်လို့ ရေးသားနေကြပါတယ်။ စူပါဂျိုကုတ်ထဲက ဒီပုတ်ထဲက ဒီပဲတွေပဲမို့ အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ စူပါဂျိုကုတ်တွေလို့ပဲ ကင်းပွန်းတပ်ကြရမှာပါ။

ဒေါ်လာကိစ္စနဲ့ ကုန်သွယ်မှုကိစ္စတွေမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့အထဲမှာ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော် မတီမှာ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ စစ်ကောင်စီရဲ့ဗိုလ်ချုပ်အဆင့်ဆိုသူ ရန်နောင်စိုးနဲ့ စစ်ကောင်စီခန့် စီးပွားကူးသန်း ဒုဝန်ကြီးဆိုသူ ညွန့်အောင်တို့လည်း ပါနေပါတယ်။ အလားတူ အကြမ်းဖက်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဟောင်း  စိုးထွဋ်ကိုလည်းအဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရပါတယ်။


ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်အုပ်စုကြား အကြမ်းဖက်စစ်ခေါင်းဆောင်တွေကြား အကြမ်းဖက် စစ်ကောင်စီဟာ အစောပိုင်း သြဂုတ်လ လောက်ကတည်း ကိုယ်တိုင်ထိန်းမနိုင်သိမ်းဖြစ်ခဲ့ရတဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေတာကို အကြောင်းပြပြီး သူ့လက်အောက်ခံ ဌာနဆိုင်ရာအရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် အများအပြားကို စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒေါ်လာစျေး မတည်ငြိမ်ပဲ စျေးတက်နေမှုအပေါ် ကုန်သည်ပွဲစားတွေကို အငြိုးအတေးထားခဲ့ပါတယ်။ ဝိသမလောဘသားတွေဆိုပြီး စွပ်စွဲခဲ့တယ်။ဝိသမလောဘသားသေးသေးလေးတွေဆိုတာ သူတို့ ပြောသလို ဖြစ်နိုင်ပါတယ်။ ဝိသမလောဘသား ခပ်ကြီးကြီးတွေကတော့ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။

ဒေါ်လာစျေးတက် စက်သုံးဆီစျေးတက် ဆန်စျေးဆီစျေး၊ လူသုံးကုန်အားလုံး စျေးတွေတက်နေပြီး စျေးကွက်ကမောက်ကမဖြစ်နေချိန်မှာ လုပ်ငန်းရှင်တွေကိုသာ ရန်မယ်ရှာပြီး စစ်လားဆေးလား လုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ လုယူထားခဲ့ပေမယ့် ကိုယ်တိုင်လည်း အုပ်ချုပ်နိုင်စွမ်းမပေမဲ့ အုပ်ချုပ်နိုင်တယ်လို့ နားထင်သွေးရောက်နေခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ သူ့ကြောင့် တိုင်းပြည်အဖက်ဖက်က အကျပ်အတည်းဆိုက်နေရတာကို ဝန်မခံ၊ NUG လွဲချ နိုင်ငံတကာ လွဲချတာ မျိုးတွေ လုပ်နေတာဖြစ်သလို လုပ်ငန်းရှင်တွေကို စွပ်လားစွဲလား လုပ်ခဲ့ပါတယ်။

ကဲ..အခုတော့ ရွှေသမင်ဘယ်ကထွက်သလဲ၊ အကြမ်းဖက် စစ်ကောင်စီက သိပြီ၊ အရေးယူပစ်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုတာမျိုး အသံထွက်လာပါပြီ။ စီးပွားရေး လုပ်ငန်းရှင်တွေပြီးတဲ့နောက် မိုးမြင့်ထွန်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြီးပိုင်းတွေကို မေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူတာ၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစား လုပ်ခဲ့တာပေါ်ပေါက်လို့ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားပါပြီ။

အကြမ်းဖက် စစ်အုပ်စုက တိုင်းပြည်မှာ မရှိသင့်တော့တဲ့ လက်တစ်ဆုပ်စာအုပ်စုအကျိုးစီးပွားကြည့် လက်နက်ကိုင် ဝိသမလောဘအကြီးစား သူခိုးကြီးများသာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်တွေ အကုန်လုံးကို လာဘ်စားသလား မစားဘူးလား၊ တိုင်းပြည်ဘဏ္ဍာ ခိုးသလားမခိုးဘူးလား၊ အကျင့်ပျက်ခြစားသလား မစားဘူးလား သေချာတိတိ ကျကျစစ်ကြည့်ပါ။ စစ်အုပ်စု တစ်စုလုံး တစ်ယောက်မှတောင်ကျန်မှာမဟုတ်မှာ သေချာပါတယ်။ စဥ်စားစရာပါပဲ။ မိုးမြင့်ထွန်းဆိုတာအရင်တုန်းက မင်းအောင်လှိုင်နေရာကိုအစားထို့ ပထမဆုံး တစ်ပေးခံရတဲ့  ၅ ဦးထဲတစ်ဦးတဲ့။ မြွေ မြွေချင်းဆိုတော့ ခြေမြင်တယ်ဆိုရမလား၊ သူ့ထက်တပည့်က ပိုခိုးပြီချမ်းသာသွားမှာကိုကြောက်တာမျိုး သူထက်ပိုခိုးလို့ အရေးယူခံထိသွားတာမျိုးလို့ ပြောရမလား။ အမှန်ကတော့ မင်းအောင်လှိုင် နဲ့ သူ့မယား/သူ့သားသမီးတွေကိုဖမ်းပြီး စစ်ဆေးရမှာ မဟုတ်လား။

သတင်းတွေအရကတော့ အကြမ်းဖက် စစ်အုပ်စုကြား အက်ကြောင်းနဲ့ အားပြိုင်မှုများလာတဲ့သဘောရှိပါတယ်။ အကြမ်းဖက်စစ်တပ်က စစ်ရှုံးနေတော့ ဇာတ်တူသားစားကုန်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာတော့ “စားမာန် ခုတ်တဲ့ပွဲ” လို့တောင် ဖော်ပြထားပါတယ်။ ဒါကလည်း ရာနှုန်းပြည့် တော်တော်များများ မှန်နိုင်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုတစ်စုလုံးက တိုင်းပြည်အတွက်ဆိုတဲ့အသိဘယ်တုန်းကမှမရှိခဲ့ဘဲ အတ္တကိုယ်ကျိုးအတွက်ပါ လက်နက်ကိုင်ပြီး အကြမ်းဖက် အုပ်ချုပ်ဖို့ လုပ်လာခဲ့ကြတာမဟုတ်လား။ အားလုံးကတော့ စားနေကျ ဂျိုကုတ်တွေပါပဲ။  လျှင်တဲ့သူကအရင် ဖမ်းချုပ်လိုက်တဲ့သဘောလို့ မြင်ပါတယ် ။

တစ်ခုသတိထားရမှာကတော့ စစ်အုပ်စုကြား အကွဲအပြဲလိုလို ဖမ်းဆီးစစ်ဆေးပြီး အပြောင်း အလဲလိုလို လုပ်ပြနေတာကတော့ လှည့်ကွက်ဆိုတာ၊ အာရုဏ်ပြောင်းတာဆိုတာမျိုးကလွဲရင် ဒီထက်မပိုဘူးဆိုတာကိုပါ။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့မကောင်းတဲ့ဖြစ်စဥ်ဆိုရင် အပြင်ကိုဘယ်တော့မှမသိစေရဘူး၊ မပေါက်ကြားစေရဘူးဆိုတာတော့ သဘောပေါက်ထားကြဖို့ပါ။

ချွင်းချက်တော့ရှိပါတယ်။ လျှို့ဝှက်ချက်ပေါက်ကြားတာ ဖရဲသီးသတင်းပေးတာတွေဟာ တပ်တွင်းအခြေအနေကို စစ်ကောင်စီ အမှောင်ဖုံးထားလို့မရတာအမှန်ပါ။ အခုလို အချင်းချင်း ခွက်စောင်းခုတ်လာတာ၊ အက်ကြောင်းဖြစ်လာတာ အမှန်ဆိုတော့ အုပ်ချုပ်ရေးယန္တရားလည် မလည်ပတ်နိုင်၊ စီးပွားရေးလည်း ချွတ်ခြုံကျပြီး အဘက်ဘက်က စစ်မျက်နှာဖွင့် တိုက်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ပွဲမှာလည်း အကျအရှုံးများ၊ စစ်ပွဲတွေကလည်း အရှုံးများလာပြီဆိုတော့ အကြမ်းဖက် စစ်အုပ်စုကြား အက်ကြောင်းနဲ့ အားပြိုင်မှုများလာပြီးတော့ ဇာတ်တူသားစားကုန်ကြပြီဆိုတာ သေချာနေပါပြီ ။ ။

Red News Agency

By Editor