ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။
” သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိ ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၂)၊ ခလရ (၃) တပ်များအား ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ (ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ နှစ်ပတ်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်ရင်း ကရင်နီတပ်မတော် (KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04 မှ ရဲဘော်တစ်ဦးနှင့် KNDF/B-19 မှ ရဲဘော်တစ်ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း၊ ကရင်နီပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသည်နှင့်အလျောက် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ညီညွတ်မှုနှင့် အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲဖြင့် စစ်ကောင်စီတပ်များကို ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
#RedNewsAgency
By Editor