သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။
 
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
 
သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။
 
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်များနှင့်အတူ လိုက်ပါစီးနင်းခြင်း၊ အရပ်သား ခရီးသည်တင်ယာဉ်များတွင် စစ်ဖက်ဆိုင်ရာ လက်နက်ပစ္စည်း၊ ရိက္ခာ၊ လူအင်အား တင်ဆောင်ခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တာဝန်အရ စစ်ဆေးခြင်းအား ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် ထပ်မံအသိပေး ပန်ကြားထားသည်။
 
#RedNewsAgency
By Editor