ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ်

ကျော်ရဲစံ

စစ်ကောင်စီရဲ့ အထိနာမှုနဲ့အတူ နိုင်ငံတဝှမ်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေမြင့်မားလာလျက်ရှိပါတယ်။ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေ အရှိန်ဟုန်မြင့်မားလာခြင်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အဆင့်တန်း တစ်ခုထက်ပိုပြီးရောက်လာခဲ့တာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့ပြ စစ်ဆင်ရေးတွေဟာလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

သြဂုတ်လ တစ်လတည်းမှာပင် မိုးကုတ် မြို့ပေါ်ကစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက အေးဆေးတည်ငြိမ်စွာတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Red Wolves Of Mogok က တာဝန်ရှိသူတစ်ဦးက ဖြေကြားထားပြီးတော့ အချိန်မရွေးမြို့ကို သိမ်းနိုင်ပေမဲ့ ပြည်သူတွေစစ်ဘေးဒဏ်ခံရမှာကြောင့် မြို့သိမ်းတိုက်ပွဲ မဆင်နွှဲတာလို့ သိရပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာအရ ရပ်ကျေးဒေသတွေကို ချဉ်းကပ်ပြီးတော့မှ မြို့ကို ဝိုင်းထားတဲ့ သဘောကို ကာကွယ်ရေးအဖွဲ့တွေက လက်ကိုင်ထားပါတယ်။ အညာဒေသမှာ တိုက်ပွဲတွေမှာလည်း မြို့ပေါ်က စခန်းတွေကို အချိန်မရွေးသွားရောက်တိုက်ခိုက်ကြပေမဲ့ စခန်းသိမ်းတာမျိုးလုပ်ဆောင်တာမတွေ့ရပါဘူး။ မြို့ပေါ်စခန်းက စစ်တပ်လက်အောက်ခံတွေကို ရှင်းလင်းပြီးတာနဲ့ လက်နက်ယူ ပြန်ဆုတ်ကြတာပါပဲ။ ဒါ့ကြောင့်ပဲ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးဆယ်ရာခိုင်နှုန်းဆိုတဲ့ အသုံးအနှုန်းကို အသုံးများနေတာပါ။

မြို့ပေါ်တိုက်ပွဲ၊ ကျေးရွာတိုက်ပွဲစသဖြင့် ကာကွယ်ရေးအဖွဲ့တွေက ဗျူဟာခွဲချဉ်းကပ်တိုက်ခိုက်ကြပေမဲ့ စစ်ကောင်စီကတော့ မြို့ပြ ကျေးလက်မခွဲ ခြားပဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်စမြဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပြည်သူပေါင်းများစွာသေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာက နမူနာဖြစ်လို့နေတာပါ။ စစ်တပ်က ၎င်းလက်အောက်ခံကိုတောင် ဂရုမစိုက်နိုင်တာ ပြည်သူကို သတ်ဖို့ဆိုတာ သူတို့မဟာဗျူဟာ တစ်ခုပဲ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအစမှာကတည်းက PDF ထောက်ပံ့တဲ့ရွာ၊ သတင်းပေးတဲ့ ရွာစသဖြင့် နာမည်မျိူးစုံတပ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့လာလိုက်တာ တော်လှန်ရေးကာလ ၂ နှစ်ကျော်တဲ့အချိန်မှာ အိမ်ခြေပေါင်း ငါးသောင်းဝန်းကျင် မီးလောင်ကျွမ်းပျက်စီးခဲ့ပါပြီ။ မကွေးနဲ့စစ်ကိုင်းကို အဓိကထား ဖိနှိပ်ခဲ့တာကြောင့် ပြည်သူတွေဟာ မျိုးစပါးကအစ အရာအားလုံးဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုဆုံးရှုံးမှုတွေကိုကြောက်ရွံမနေပဲ လက်သင့်မခံတဲ့ ပြည်သူဟာ ခန္ဓာကိုယ်မှာပါလာတဲ့ လက်ဝတ်ရတနာတွေကို “ခွေးသတ်ဖို့ ကျည်ဆံဖိုး” ဆိုပြီး လှူဒါန်းခဲ့ကြပါသေးတယ်။ ကာကွယ်ရေး သူရဲကောင်းများစွာကိုမွေးထုတ်ပြီးတော့ ပြည်သူ့ရင်သွေးတွေကို ပြည်သူကပဲ စောင့်ရှောက်လာလိုက်တာ တော်လှန်ရေးဟာ ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှာ အောင်ပွဲနဲ့ မဝေးတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA နဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။

မကွေးတိုင်း PDF ရဲဘော်များ

ဒီလိုတိုးတက်မှုတွေနဲ့အတူ တိုင်းပြည်ရဲ့ ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ်လို့ ဆိုပါတယ်။ အစောက ပြောခဲ့တဲ့ အတိုင်း ရပ်ရွာကို ဗျူဟာတစ်ရပ်အနေနဲ့ ချဉ်းကပ်လာတာကြောင့် အဲဒီကနေပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ အင်အားဟာ ဆိုရင်လည်း တစ်သိန်းကျော်ရှိနေပြီလို့ ဦးရည်မွန်က ပြောဆိုသွားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိပြီလို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပြီးတော့ ဒါတပ်ရင်းတွေဟာ ဖွဲ့စည်းပုံပြည့်ဝတဲ့ တပ်ရင်းတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ယိုင်နဲ့နဲ့ မပြည့်မဝ ဖွဲ့စည်းပုံနဲ့ ယှဉ်ရင် အတော်လေးကိုကွာခြားချက် ကြီးမားနေတာ တွေ့ရမှာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ ကာကွယ်ရေးအဖွဲ့ တပ်မှူးတွေများစွာကိုလည်း မွေးထုတ်နိုင်ပြီးတော့ မွေးထုတ်ထားတဲ့ တပ်မှူးတွေဟာ စစ်မြေပြင်မှာ လက်စွမ်းပြနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကို ကြည့်မယ်ဆိုရင် အာဏာသိမ်းကာလ ၂ နှစ်ကျော်မှာ စစ်ကြောင်းပေါင်းစုံ၊ တိုင်းမှူးပေါင်းစုံပြောင်းခဲ့တာကို တွေ့ရမှာပါ။ ဗျူဟာမှူးတွေကိုယ်တိုင် သေဆုံးခဲ့တဲ့ တိုက်ပွဲပေါင်းလည်းမနည်းပါဘူး။ ကရင်နီခွင်မှာ ကြည့်မယ်ဆိုရင်လည်း ဒီမောဆိုဘက်မှာ စစ်တပ်အရာရှိတွေအပါအဝင် ၈၀ ကျော် အစုလိုက်အ ပြုံလိုက် သေဆုံးခဲ့ပြီး လှည်းနဲ့ဆွဲထုတ်ရတဲ့ ဖြစ်စဉ်မျိုးကို ပြည်သူတွေမေ့နိုင်ကြဦးမယ်မထင်ပါဘူး။

၎င်းနည်းတူ ကရင်​ပြည်နယ်က ကာကွယ်ရေးတပ်တွေ ၂၃ နာရီနဲ့ သိမ်းထားတဲ့လက်ခတ်တောင်ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၂၀ ဝန်းကျင်လောက်သေဆုံးပြီး လက်နက်တွေ ဆုံးရှုံးခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါတောင်မှ စစ်တပ်က BGF နဲ့ ပူးပေါင်းပြီး လက်ခတ်တောင်ကို ရရှိဖို့ ကြိုးစားနေတာဖြစ်ပြီး ရက်ပိုင်းအားဖြင့်အတော်ကြာမြင့်လာပြီဖြစ်ပါတယ်။

မကွေးတိုင်း PDF ရဲဘော်များ

ကချင်ပြည်နယ်က လိုင်ဇာကို သိမ်းမယ်လို့ ကြွေးကျော်ထားတဲ့ စစ်တပ်ဟာမိုးကောင်း၊ မိုင်ဂျာယာန်ဒေသက စခန်းတွေကို စတင်လက်လွှတ်နေရပြီးတော့ ရှမ်းပြည်မှာလည်း SSPP နဲ့ စစ်မျက်နှာ အသစ်တွေဖွင့်နေတာကိုကြည့်နိုင်ပါတယ်။ စစ်တပ်က အနှစ်မရှိတဲ့ လေဥကြီးလိုပါပဲ။ ရှိသမျှ အရန်အင်အားတွေအကုန်နီးပါးထုတ်သုံးနေရတဲ့အပြင် စစ်မတိုက်တတ်တဲ့ ဖောင်ကြီးသင်တန်းဆင်းတွေကိုတောင် ရှေ့တန်းပို့ဖို့ ပြင်နေပါပြီ။

ဒီလိုမျိုး စစ်ထွက်အင်အားလည်း ဆုတ်ယုတ်လာသလို အရေးပါတဲ့ စခန်းကုန်းများစွာလည်း စွန့်လွှတ်ထားရတဲ့ စစ်တပ်ဟာ နိုင်မြင်းမဟုတ်တော့တာတော့ သေချာပါတယ်။ ကရင်နီပြည်နယ်ကနေ လက်နက်အမြောက်မြားလှူဒါန်းပြီးမှ ခွေးပြေးဝက်ပြေး ဆုတ်ခွာလာရတဲ့ စစ်တပ်ကိုကြည့်မယ်ဆိုရင် လူထုအောင်ပွဲနဲ့ မဝေးတော့တာသိနိုင်ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးမှာ Local PDF တွေကို ထည့်မထွက်ရသေးတဲ့ အချိန်မှာတောင် NUG အောက်က ကာကွယ်ရေးတပ်တွေဟာ အင်အားကောင်းလို့နေပါတယ်။ အခြားအင်အားကြီးမားတဲ့ Local PDF တွေလည်းရှိသေးသလို နယ်မြေလည်း စိုးမိုးထားနိုင်ကြပါတယ်။ ဝန်ကြီးဦးရည်မွန်ဟာ ဒါ့ကြောင့်ပဲ COC သာ ကောင်းကောင်းတည်ဆောက်နိုင်မယ်ဆိုရင် နှစ်ဆန်းပိုင်းမှာ စစ်တပ်ရဲ့ ကျဆုံးခန်းကို မြင်တွေ့ရတော့မယ်လို့ ပြောသွားတာဖြစ်နိုင်ပါတယ်။ ။

Red News Agency

By Editor