ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။

ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ရေနွံကန်ဧရိယာ- ယင်းအတွင်းလူများပျောက်ဆုံးနေ

” လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်”ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။

ပြိုကျသည့်ကမ်းပါးသည် အမြင့်ပေ (၅၀၀)ခန့်၊ ထုပေ (၂၀)ခန့်၊ ရေနွံကန်သည် အနံပေ(၂၀၀)ခန့်၊ အလျားပေ(၁၀၀၀)ခန့်ရှိပြီး ရေလှိုင်းရိုက်ခတ်မှုနှင့် အနီးဆုံးရှိသော ကျောက်ကျင်းတူးနေသူများ ရေလှိုင်းနှင့်အတူ ရေကန်အတွင်းဆွဲချနစ်မြှုပ်ခံခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူများကဆိုသည်။

မြေပြိုကျသည့် ကမ်းပါး

ကမ်းပါးပြိုကျမှုကြောင့် ရေလှိုင်းရိုက်ခတ်ပြီး ရေနွံကန်အတွင်းပျောက်ဆုံးနေသူထဲပါသွားသူအချို့နှင့်အတူနေသူ၏ ပြောပြချက်အရ “ကျနော့်သူငယ်ချင်းတွေက ငါးယောက်တူးတာ၊ တစ်ယောက်လွတ်တယ်၊ ဆေးရုံပို့ထားတယ်၊ ကျန်တဲ့ လေးယောက်ပျောက်နေတယ်၊ ကျနော်တို့က ယောနယ် ပုလဲကလာတာ၊ ခုဒီမှာ ရှရောခမှာနေတာ၊ သူတို့ကျင်းရဲ့ ဘေးမှာ ခြောက်ယောက်တစ်ကျင်း၊ နောက် ရွှေမျောတိုက်တဲ့အဖွဲ့က ငါးယောက်၊ ကုမ္ပဏီက ကျင်းတူးတာ ဆယ့်ငါးယောက်လောက်ရှိတယ်၊ ဒါက ဒီနားတစ်စုတင်ပါမှာဗျ အနည်းဆုံး သုံးဆယ်အထက်ပဲ၊ ကျနော်လည်း အစက ဒီမှာတူးတာ လွန်ခဲ့တဲ့ သုံးရက်ကမှ ကျင်းပြောင်းတူးတာ”ဟု ပြောပြသည်။

ယခုမြေပြိုသည့် ကမ်းပါးသည် ယခင်က ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်တူးဖော်သည့်နေရာဖြစ်ပြီး ရေနွံကန်ဖြစ်နေသည့်နေရာသည် ယခင်က ကျောက်စိမ်းသစ်ရွက်၊ အောင်ဟိန်းမင်းနှင့် ရာဇဌာနီကုမ္ပဏီလုပ်ကွက်များတူးဖော်ခဲ့ကြရာနေရာဖြစ်ကြောင်း၊ ယခုလိုမိုးကာလတွင် ဩဇာအာဏာရှိသူများက အမည်တပ်ထားခြင်းမရှိသော ကုမ္ပဏီအမည်ခံကာ လက်ကျင်းကျောက်တူးခြင်း၊ ရွှေမျောတိုက်ခြင်း၊ ပြင်ပမှလူများအား အစုယူကာတူးစေခြင်းများဆောင်ရွက်ကြောင်း မနကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။

ယခုကမ်းပါးပြိုသည့်နည်းတူ ဩဂုတ်လ (၅)ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်း၌ လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦး ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် မျောပါပြီး အခြားလုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှုပ်ကာ ကလေးနှစ်ဦးမိခင် သေဆုံးခဲ့ရသည်။

#RedNewsAgency

By Editor