MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃၊ Monywa Night King၊ Union Liberation Front-UFL ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေတောင်ဦးကုန်း၊ ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးကြောင့် PDF ရဲဘော် (၃) ဦး ကျဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယ်မြေကျွမ်းကျင်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အသာစီးရခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်အတူ ပါလာသည့် သစ်တောဌာနမှ ဝန်ထမ်းများလည်း ဒဏ်ရာရရှိခဲ့သူရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဒဏ်ရာရရှိသူများ မုံရွာ‌တွင် ဆေးကုသမှုခံယူနေကြကြောင်း၊ ပြီးခဲ့သည့် တပတ်အတွင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

နိုင်ငံတဝန်းတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ကိုင်းတိုင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ ၁၉၉ ကြိမ်၊ ပဲခူးတိုင်းမှာ ၇၉ ကြိမ်၊ မကွေးတိုင်းမှာ ၇၂ ကြိမ်၊ မွန်ပြည်နယ်မှာ ၅၂ ကြိမ်၊ ကချင်ပြည်နယ်မှာ ၅၁ ကြိမ်၊ ကရင်ပြည်နယ်မှာ ၄၉ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၄၇ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၄၄ ကြိမ်၊ မန္တလေးတိုင်းမှာ ၃၄ ကြိမ်၊ ချင်းပြည်နယ်မှာ ၂၈ ကြိမ်၊ ကရင်နီမှာ ၂၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၁၆ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၃ ကြိမ်နှင့် နေပြည်တော်နှင့် ရခိုင်မှာ ၂ ကြိမ်စီဖြစ်ပွားခဲ့သည်ဟု BACS ၏ ဇူလိုင်က ပဋိပက္ခအစီအရင်ခံစာတွင် ဖော်ပြထားသည်။

Red News Agency

By Editor