ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

“မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။

KIA/PDF ပူးပေါင်းတပ်များက ကသိုဏ်းတောင် စစ်တပ်စခန်းအား တိုက်ခိုက်ချိန် အနီးရှိ နမ့်မှော်ဘုရားကုန်းစစ်တပ်စခန်းကိုလည်း စစ်ကူမပေးနိုင်ရေး ပိတ်ဆို့တိုက်ခိုက်ထားခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် ကသိုဏ်းတောင် စခန်းအားရမှ တပြိုင်တည်း ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

ဖားကန့်ဗျူဟာကုန်းမှ တိုက်ပွဲစဖြစ်ချိန်ကတည်းက လက်နက်ကြီးပစ်ကူ တရစပ်ပေးနေခဲ့ပြီး ကသိုဏ်းတောင်စခန်းကျပြီး KIA/PDF များ ဆုတ်ခွာရာလမ်းထင်သည့်နေရာများအားလည်း နေ့ခင်း ၁၂ နာရီခန့်အထိ ရမ်းသမ်းပစ်ခတ်နေခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့ရာအနီးရှိ ကသိုဏ်းတောင်နှင့် နမ့်မှော်ကျေးရွာမှ ပြည်သူအချို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မည့်အန္တရာယ် စိုးရိမ်ထိတ်လန့်သဖြင့် ဆိပ်မူကျေးရွာ မှော်ရှန်ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများထံ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ဖားကန့်မြို့ဧရိယာ အနီးတဝိုက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်က မြို့ဝင်ပန်းတင်တံတားဂိတ်အား တိုက်ခိုက်မှု၊ ယခု ကသိုဏ်းတောင် စခန်းအား တိုက်ခိုက်မှုတို့ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် KIA/PDF တို့ နှစ်ကြိမ်တိုင် ထိတွေ့တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီဖြစ်သည်။

#RedNewsAgency

By Editor