ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း
လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်နေသည့် မြင်ကွင်း

ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း Myanmar Rescue (Hpakant) မှ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

မြေပြိုပြီး ရေလိုင်းရိုက်ခတ်မှု ရေစီးနှင့်အတူမျောပါမှုကို မျက်မြင်တွေ့သူများက “ရေအားက ခြောက်ပေလောက်ရှိတယ်၊ လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့သူတွေလည်း ဆိုင်ကယ်ပစ်ပြေးကြတာ၊ အခုပါသွားတဲ့ ကလေးမအေနဲ့ သူ့ကလေးတွေက ကန်အစပ်နားမှာရှိတော့ ရှောင်မရတော့ဘူးလေ၊ ကလေးအကြီးက ခေါင်းရိုက်မိထားတယ်၊ အငယ်ကတော့ ပွန်းပဲ့ဒဏ်ရာပဲရတာ၊ သူတို့အမေတော့ ခုထိရှာမရသေးဘူး၊ ကျန်တဲ့အမျိုးသမီးတစ်ယောက်က ပြန်ဆယ်ရတယ်၊ သွေးတိုးပြီး သတိလစ်သွားတယ်”ဟု ပြောသည်။

ရေချိုးနေရာမှ မျောပါသွားသည့် ရေစီးလမ်းကြောင်း

မြေပြိုမှုကြောင့် ရေစီးနှင့်အတူ မျောပါခဲ့သူများသည် အောင်သာယာ (၂) တွင်နေထိုင်ကြသူများဖြစ်ကြောင်း၊ ယခုမြေပြိုသည့် သာယာကုန်းဘက်ခြမ်းမှ မိုးရာသီမကျခင် လုပ်ကွက်တူးထားသည့် အောင်သာယာဘက်သို့ မြေပြိုမှုသည် ယခင်ကလည်း မကြာခဏ မြေပြိုနေပြီး ထိခိုက်ဒဏ်ရာရှိမှုများဖြစ်ပွားလေ့ရှိသည်။

မြေပြိုကျသည့် ကျောက်စိမ်းလုပ်ကွက် ရေကန်

လက်ရှိမြေအခြေအနေအရလည်း ပေ(၂၀၀)ခန့်မြေသားအက်နေပြီး ဆက်ပြိုနိုင်ရန် အလားအလာရှိနေကြောင်း၊ ယ‌နေ့မြေပြိုသည့် လုပ်ကွက်ကျင်းရေကန်သည် ပေ(၃၀၀)ပတ်ချာလည်ရှိပြီး အောက်ဘက် ဒေါ်မလေး နစ်မြှုပ်သည့်ကန်သည် ပေ (၄၀၀) ပတ်ချာလည်ရှိကြောင်း၊ လုပ်ကွက်နှစ်ခုလုံးသည် ရွာလယ်လမ်းနှင့်ကပ်လျက်တူးဖော်ထားကြခြင်းဖြစ်သည်။

#RedNewsAgency

By Editor