အွန်လိုင်းပေါ်မှ ခြိမ်းခြောက်ငွေတောင်းမှုများကို ဖားကန့် PDF ဖော်ထုတ် အရေးယူမည်

RNA_ဖားကန့်၊ဇူလိုင်၂၆ ရက်၊၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်များပါမကျန် ခြိမ်းခြောက်ငွေညစ်မှုများ ဇူလိုင်လအတွင်း ထပ်မံဖြစ်ပေါ်နေသည့်အတွက် ဖားကန့် PDF က ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပျူစောထီးအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူ ဇွန်လအတွင်း စတင်ပေါ်ပေါက်လာပြီး ခြိမ်း‌ခြောက်ငွေညစ်တောင်းသော်လည်း ယခုအခါ ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ ထပ်မံ ခြိမ်းခြောက် တောင်းဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြည်သူများအပေါ် တောင်းတဲ့ငွေပေးရင်ပေး ‌မပေးပါက တစ်မိသားစုလုံးသတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေညစ်နေသည့် ပျူစောထီးနာမည်ခံထားသည့် အဖွဲ့နှင့် ပစ်ခတ်ရေးနာမည်ခံထားသည့်အဖွဲ့တို့အား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။

“သူတို့က တစ်ဖွဲ့တည်းလို့ မဆိုနိုင်ဘူးဗျ၊ ခုက အွန်လိုင်း ငွေညစ်မှုတွေပေါ့၊ အမြန်ဆုံး ဖမ်းနိုင်အောင် ကြိုးစားနေပါတယ်”ဟု ၎င်းက ပြောသည်။

ခြိမ်းခြောက်ငွေတောင်းခံရသည့် ဆိုင်တစ်ခုမှ အမည်မဖော်လိုသူကကလည်း “သူတို့တောင်းတာက တစ်ဆိုင်ကို သိန်းရာဂဏန်းတွေတောင်းတာဗျ၊ Viber ဖောက်ထားတဲ့ဆိုင်တွေကို Viber က ခြိမ်းခြောက်စာပို့တယ်၊ Viber မဖောက်ထားတဲ့ဆိုင်ကို ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်၊ ငွေတောင်းခံရတဲ့ဆိုင်က ဒီရက်ပိုင်းတင် (၁၀)ဆိုင်အထက်ရှိတယ်၊ သိန်းရာချီတောင်းထားပေမယ့် ငါးသိန်းနဲ့ညှိရတာရှိတယ်၊ ခုနှစ်သိန်းနဲ့ညှိရတာရှိတယ်၊ လာမယူဘူး လွှဲပေးရတာ၊ တစ်ချို့ကလည်းမပေးဘူး “ဟု ပြောသည်။  ‌

ခြိမ်းခြောက်ငွေတောင်းခံမှုအပေါ် “တစ်ချို့ဆိုင်က သိန်းလေးရာ၊ တစ်ချို့က သိန်းခုနှစ်ရာ၊ မတူဘူးဗျ တစ်ချို့က အေးဆေးနေချင်ကြတော့ ညှိနှိုင်းကြတာပေါ့ဗျာ၊ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကိုယ့်မိသားစု အန္တရာယ်ဖြစ်မှာ ကြောက်ကြတာကိုး၊ သိန်းလေးရာတောင်းလဲ နောက်ဆုံး လေးငါးသိန်းနဲ့ညှိလို့ရချင်ရတာ”ဟု ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဖားကန့်မြို့ ရပ်မိ/ရပ်ဖတစ်ဦးက “ထူးခြားတာက စီးပွားရေး အင်အားရှိတဲ့ Bar တွေ၊ ဟိုတယ်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်ကြီးတွေ၊ ငွေကိုရေလိုဝင်ပြီး ပြန်ဖိထားနိုင်တဲ့ အသိုက်အဝန်းထဲ သွားမခြိမ်းခြောက်ဘူးဗျ”ဟု ဆိုသည်။

ဖားကန့်မြို့နယ်အတွင်း စကစ၏ စစ်တပ်/ရဲ၊ KIA၊ PDF နှင့် ရှမ်းနီလက်နက်ကိုင်တို့ လှုပ်ရှားကြရာနယ်မြေဖြစ်ပြီး အချို့လုပ်ငန်းကိစ္စများတွင် ကိုယ်ကျိုးအတွက်ပူးပေါင်းဆောင်ရွက်ကြကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်ထံမှ သိရသည်။

#RedNewsAgency

By Editor