ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

Written by

in

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံများက အကျဉ်းထောင်မှထုတ်သွားပြီး သတ်ဖြတ်ခဲ့သည့်အတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပဲခူးခရိုင် ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီလက်အောက်ခံများက၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေရာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။

ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နှင့် ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံများသည် မုံရွာထောင်မှ ခေါ်ထုတ်သွားပြီးနောက် ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency