၇-၇-၆၂ မမေ့ကြရန် ပြည်သူများကို နှိုးဆော်

RNA_ဇူလိုင်(၇)၊၂၀၂၃ ခုနှစ်။

ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ (၇-၇-၆၂) ကို ပြည်သူများမမေ့ကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ဓာတ်ပုံများနှင့်တကွ ပြည်သူများကို နှိုးဆော်ထားသည်။

နေဝင်းဦးဆောင်သည့် မဆလ စစ်အစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ သမဂ္ဂအဆောက်အဦနှင့်အတူ ကျောင်းသားများကို မိုင်းခွဲဖြိုချသတ်ဖြတ်ခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ကျောင်းသားများကိုလည်း မောင်းပြန်ရိုင်ဖယ်များဖြင့် ပစ်သတ်ခဲ့သေးသည့် ကျောင်းသားအရေးတော်ပုံကို မမေ့ကြရန် နှိုးဆော်ထားခြင်းဖြစ်သည်။

“ ထိရင်ချတဲ့ ဖိရင်ကြွတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီလက်ပါးစေတွေကို ရှောင်ရှားပြီး မရရတဲ့ နည်းနဲ့ ဆန္ဒကို ထုတ်ဖော်ပြနေမှာပါပဲ။ ဒီဓာတ်ပုံတွေဟာ ရန်ကုန်တော်လှန်ရေး လူငယ် အဖွဲ့များက ၇.၇.၆၂ မမေ့ကြဖို့ ပြည်သူအများကိုနှိုးဆော် ဆန္ဒ ထုတ်ဖော်ပြနေတဲ့ ပုံတွေပါ။ သမဂ္ဂ အဆောက်အဦးကို ဖြိုခွဲဖျက်ဆီးခဲ့ပေမယ် လူငယ်တို့ရဲ့ နိုးကြားတဲ့ သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်အာဏာရှင်အဆက်ဆက်ကမှ ဖြိုခွဲလို့ မရခဲ့သလို နောက်လည်းရမှာ မဟုတ်ပါ” စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုကထုတ်ပြန်ပြောကြားထားသည်။

ယနေ့တွင် ကျရောက်သည့် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံနေ့တွင် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းအပါအဝင် သမဂ္ဂအဖွဲ့အစည်းများကို ဆန္ဒထုတ်ဖော်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း စသည့် အထိမ်းအမှတ်များပြုလုပ်ကြကြောင်း သိရသည်။

#RedNewsAgency

By Editor