နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။

လင်းယုန်

အညာမြေ၏ ရာသီဥတုသည် ပူလောင်အိုက်စက်လွန်းပါသည်။ မိုးရာသီတွင်း၌ပင် မိုးကား တော်ရုံနှင့်မရွာ။ အညာ၏အပူကိုမိုးက မအံတုနိုင်ရှာ။ အညာဒေသသည် သစ်ရိပ် ဝါးရိပ်ရှားပါးပြီး အများအားဖြင့် ထန်းပင်၊ ထနောင်းပင်များ၊ တမာပင်များသာ ပေါက် ရောက်တတ်သည့် ဒေသဖြစ်သည်။ ထိုအထဲမှ စစ်ဘီးလူးတို့၏ရှို့မီးများကား အညာမြေ တစ်ပြင်လုံးဟုန်းဟုန်းတောက်လျှက်ရှိသည်။ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးခြင်း ဟူသော သောကပရိဒေဝအပူများ၊ ကြိတ်မနိုင်ခဲမရ ခံပြင်းရသော အပူများကား အပူတကာအပူဆုံး ဖြစ်ပေလိမ့်မည်။

ယခင်က စစ်အုပ်စုများ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုများကြားတွင် ကျင့်သုံး လေ့ရှိသည့် ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်၊ လူထုနှင့်အဆက်အသွယ်ဖြတ်၊ ဖြတ်လေး ဖြတ်ဟုခေါ်သည့် အကုန်သတ်၊ အကုန်ဖြတ်၊ အကုန်မီးရှို့ စသည့် ရက်စက်မှုပေါင်းစုံဖြင့် အညာဒေသအပေါ် ကျင့်သုံးလာပါသည်။ တိုက်လေယာဉ်များအသုံးပြုပြီး အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအပေါ်ဗုံးကြဲမီးရှို့၊ အရွယ်မရောက် သေးသည့်ကလေးသူငယ်များကို သတ်ဖြတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ကျွဲနွား တိရိစ္ဆာန်များကိုပင် ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်၊ နာတာရှည်ရောဂါ ခံစားနေရသည့်လူနာများ၏ ဆေးကုသရန်စုဆောင်းထားသော ငွေကြေးများကို အဓမ္မလုယူခြင်းစသည့် ရက်စက်မှုအပေါင်းသရဖူဆောင်း ပြုမူကျူးလွန်လာကြပါသည်။

စစ်အာဏာမသိမ်းခင်နှစ်များတွင် ဒေသရာသီဥတုပူပြင်းသော်လည်း အညာသူ အညာသားတွေမှာ အပူနည်းသည်။ အရပ်သားအစိုးရ NLD ကိုမဲပေးရွေးချယ်ခဲ့သော အညာသူ အညာသားတို့သည် ၎င်းအစိုးရ လက်ထက်တွင် မျှော်လင့်ချက်တချို့ထင်ပေါ်လာသည်။ လမ်းတွေကောင်းလာသည်။ လျှပ်စစ်မီးတွေရလာသည်။ ပညာရေးအတွက်ပူစရာမရှိချေ။ ရောင့်ရဲတင်းတိမ်တတ်သော အညာသူအညာသားများအဖို့ အလုပ်လုပ်သ လောက် ဝင်ငွေရကြသည်။ တစ်ဆယ့်နှစ်လရာသီ အလှူမင်္ဂလာပွဲများနှင့် စည်ကားသည်။ Covid-19 ရောဂါကိုကမ္ဘာတစ်ဝှမ်းလုံးခံစားရပြီးနလံထရန်အားယူကြိုးစားနေချိန်စစ်အုပ်စုကအာဏာသိမ်းလိုက်သည်။သူတို့၏မျှော်လင့်ချက်များရိုက်ချိုးဖျက်စီးခံရသည်။

သို့သော်လည်း အညာသူအညာသားများသည် အငြိမ်မခံ၊ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။ ဖုံးထူ သဲပူသော နွေဦး၏ အညာလမ်းမများတွင် ခြေချင်းထပ်လိုက်လာသော လူအုပ်ကြီးများ သောင်းနှင့်သိန်းနှင့် ကြွေးကြော် သံတွေနှင့် ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်ရေးအလို ရှိကြသည်။ သို့သော် အကြမ်းဖက်စစ်တပ်သည် တတိုင်း ပြည်လုံးရှိ ငြိမ်းချမ်းသော လှုပ်ရှားမှုများကိုလက်နက်ဖြင့်ဖြိုခွင်းသည်။ လူပေါင်းများစွာ သေဆုံးဒဏ်ရာ ရကြသည်။ တချို့အကျဉ်းစံရသည်။

အကြမ်းဖက်စစ်အုပ်စုကို အံတုတော်လှန်သော အညာဒေသရှိ အညာသူအညာသား များကို စစ်အုပ်စုက အငြိုးအတေးကြီးစွာဖြင့်နှိမ်နင်းနေသည်။ စစ်ကိုင်း၊ မကွေးအညာ ဒေသတော်လှန်ရေးရဲဘော်များ၏ စွန့်လွှတ် စိတ်ပိုင်းဖြတ်မှုကို အားလုံးမျက်မြင်ပင်ဖြစ်သည်။ အသက်ပေးသူ၊ ဘဝပေးသူ၊ အချိန်ပေးသူ၊ ငွေကြေးပေးသူ စသဖြင့်အားလုံးပါဝင်ခဲ့ကြသည်။ အမျိုးသမီးများသည်ပင်လျှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအဖြစ် တိုက်ပွဲဝင်နေပြီး လူထုသပိတ်လှုပ်ရှားမှုများတွင်လည်း ရှေ့ဆုံးကနေပြီး ဟောပြောဦးဆောင်နေမှုများလည်း တွေ့မြင်ရပါသည်။ မိမိတို့ဘဝ ဝမ်းစာအတွက် စုဆောင်းထားသည့် လက်ဝက်တန်ဆာများ၊ ငွေကြေးများအား တော်လှန်ရေးအတွက်ပေးလှူကြသည်။ ကောက်စိုက်သူနှင့်လယ်သူငှါးတို့သည်လည်း မိမိတို့၏ တစ်နေ့တာ လုပ်အားခမှ တော်လှန်ရေးအတွက် ထောက်ပို့ပေးနေကြသည်။

နွေဦးတော်လှန်ရေးကြီးသည်ပြည်သူလူထုတရပ်လုံးလက်နက်အားခိုးဖြင့်မတရားအနိုင်ကျင့်ချယ်လှယ်ဗိုလ်ကျစိုးမိုးသည့်စစ်အုပ်စုကိုမကျေနပ်ရာမှစတင်လာသောတော်လှန်ရေးကြီးဖြစ်ကြောင်းကိုလူတိုင်းအသိပင်ဖြစ်ပါသည်။ထိုသို့နှင့်အညီအညာသူအညာသားများအပေါ်မတရားစစ်ကောင်စီ၏ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုများကိုနေ့စဉ်နဲ့အမျှကျောကော့အောင်အလူးအလိမ့်ရင်ဆိုင်ကြုံတွေ့နေရပါသည်။သို့သော်လည်းစစ်ကျွန်အုပ်ချုပ်ရေးစနစ်ကိုလက်လျော့အဆုံးမပေးဘဲရုန်းထွက်လွတ်မြောက်နိုင်ရန်တိုက်ပွဲဝင်နေကြပြီးယခုအခါတွင်အညာဒေသတစ်လျှောက်တိုက်ပွဲတိုင်းနီးပါးအောင်ပွဲများအလီလီဆွတ်ခူးအောင်ပန်းဆင်နေမှုများကိုလည်းတွေ့မြင်နေရပါသည်။

အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။

အညာသူအညာသားများသည် ရိုးသားဖြူစင်ကြပြီး စစ်ကျွန်ဖိနှိပ်မှုအောက်မှာနေ လိုခြင်းလုံးဝ မရှိကြောင်း လက်တွေ့ခုခံတော်လှန်မှုများကို ကြည့်ခြင်းအားဖြင့် သက်သေပြနေကြပြီဖြစ်ပါသည်။ စစ်ကောင်စီသည် အညာဒေသရှိ ပြည်သူများ၏ အိုးအိမ်များကိုရွာလုံးကျွတ်ပြာဖြစ်သွားအောင် မီးရှို့ပျက်စီး၊ ရွာသူရွာသားများကို အရှင်လတ်လတ်မီးရှို့ခေါင်းဖြတ်သတ်ခြင်း၊ ရွှေငွေတန်ဖိုးကြီးပစ္စည်းများကို ခိုးဆိုး လုယက်ခြင်းများ လူစိတ်မရှိကျူးလွန်ကြပြီး ရိုးသားအေးချမ်းစွာဘဝကိုဖြတ်သန်းနေကြသည့် အညာမြေရှိ အညာပြည်သူလူထုကို သွေးတိုးစမ်းခဲ့ကြသည်။ ပျားအုံးကို တုတ်နဲ့ထိုးကြသည်။ မိမိသေတွင်းကို တူးကြသည်။ ကျားသေကို အသက်ပြန်သွင်းကြသည်။ ငြိမ်နေတဲ့ရေကိုခဲနဲ့ပစ်ပေါက်ကြသည်။

အညာဒေသသည် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတွေပါဝင်ပြီး အညာဒေသလို့ သတ်မှတ်ခေါ်ဆိုနေ ကြသည့် မြန်မာနိုင်ငံအလယ်ပိုင်းခြောက်သွေ့ဒေသကြီးဟာ နှစ်တထောင်ကျော်အတွင်း မြန်မာမင်းဆက်ဆိုတဲ့ ပဒေသရာဇ်အုပ်စိုးသူ အဆက်ဆက်ပေါ် ထွက်ရာလွင်ပြင်ကြီး ဖြစ်ပါသည်။ ဧရာဝတီ၊ ချင်းတွင်း၊ မူးနှင့် မုန်းချောင်း၊ စစ်တောင်း မြစ်ဝှမ်းတွေပါဝင်တဲ့ နယ်မြေတွေဖြစ်ပါသည်။ ဒီအညာလွင်ပြင်ကို တမ္ပဒီပနဲ့ သုနာပရန္တဆိုသည့် ဧရာဝတီမြစ် အရှေ့နှင့် အနောက်ကို ပိုင်းခြားပြီး တိုင်းကြီးနှစ်တိုင်းအဖြစ် မြန်မာဘုရင် တွေခေတ်က သတ်မှတ်ခဲ့ကြသလို ကျောက်ဆည်၊ မင်းဘူး၊ ရွှေဘို၊ အလုံ၊ တောင်တွင်း စသည့် နယ်ကြီးခရိုင်တွေအဖြစ်လည်း အစဉ်အဆက် အုပ်ချုပ်ခဲ့ကြပါသည်။

ဒီနယ်မြေတွေဟာဗမာလို့ခေါ်တဲ့မြန်မာလူမျိုးတွေရဲ့ပင်မဒေသကြီးတွေဖြစ်ပြီးမြန်မာ့ယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာထွန်းကားစည်ပင်သည့်နယ်မြေဖြစ်ပါတယ်။အညာနယ်မြေသည်မြန်မာပဒေသရာဇ်များ၏အမာခံနယ်မြေဖြစ်လို့စစ်သည်တော်စုဆောင်းပေးရတဲ့အစဉ်အလာရှိခဲ့ပါသည်။မြို့တော်တွေတည်ဆောက်ခဲ့တဲ့အင်းဝ၊စစ်ကိုင်းနယ်မြေအပြင်ဘက်နယ်မြေတွေဟာဘုရင်တွေရဲ့ခြေလျင်တပ်၊မြင်းတပ်၊ဆင်တပ်၊လှေတပ်တွေအတွက်အားထားရာနယ်မြေတွေလည်းဖြစ်သည်။

ဒါကြောင့် ထောင်ပြု၊ရာပြု၊ဆယ်ပြုမြို့တွေဟာပုဂံခေတ်လောက်ကတည်းကရှိနေခဲ့ပြီးသူ့လူဦးရေအချိုးနဲ့အညီစစ်ဖြစ်ချိန်မှာဘုရင့်တပ်ကိုတပ်သားပို့ရပါတယ်။ရွှေဘိုမြောက်ပိုင်းဘက်ကနယ်တွေကိုမြင်းမြေအဖြစ်အစဉ်အဆက်သိခဲ့ကြပြီးသမိုင်းအစဉ်အလာအရစစ်သူရဲကောင်းတွေထွန်းကားခဲ့သည်နယ်တွေလည်းဖြစ်သည်။အညာမှာကျေးလက်ဆန်တဲ့လူနေမှုရှိခဲ့သည့်အတွက်ဆွေစိတ်မျိုးစိတ်ကကြီးပါသည်။မြန်မာအစဉ်အလာမှာသွေးကြီးသွေးသောက်တင်မြှောက်သစ္စာခံတာတွေရှိခဲ့ဖူးကြောင်းပုဂံဝန်ထောက်ဦးတင်၏မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှာဖော်ပြထားခြင်းကိုဖတ်မှတ်ရပါသည်။ယခုအခါအညာဒေသတော်လှန်မှုတွေမှာလည်းရဲစွမ်းထက်သန်သူလူငယ်များများကိုခေါင်းဆောင်တင်ပြီးကာကွယ်ရေးအဖွဲ့များအညာဒေသအနှံ့ဖွဲ့စည်းတော်လှန်နေကြပြီဖြစ်ပါသည်။

တော်လှန်ရေးကြီးသည် မိမိတို့၏ တစ်ဦးတစ်ယောက်ကောင်းစားရေး၊ အဖွဲ့အစည်းတစ်ခု ကောင်းစားရေး၊ လူမျိုးတစ်စုကောင်းစားရေးအတွက် ဦးတည်ပြီးလုပ်ဆောင်သော အရာမျိုးမဟုတ် အဖိနှိပ်ခံပြည်သူတရပ်လုံး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးတန်းတူရှိမှုကို လိုလားမြတ်နိုးတန်ဖိုးထားကြသည့် ပြည်သူများ၏ အလိုအပ်ဆုံး အဖြစ်ချင်ဆုံးဆန္ဒနှင့် အသက်သွေးချွေးများ ပေးဆပ်ပြီး တော်လှန်ရေးကို စိတ်အားထက်သန်စွာဖြင့် မည်သူ့အမိန့်မှမပါပဲ ပါဝင်ဆင်နွှဲနေခြင်းဖြစ်သည်။ အမှန်ကို အမှားနှင့်ဖုံးပြီး မိမိတို့လူတစ်စုတည်း ကောင်းစားရေးကို ရှေ့တန်းတင်ကာပြည်သူတရပ်လုံးကိုချနင်းတတ်ကြသည့် အာဏာရှုးများအတွက် အညာမြေမှာ နေရာမရှိကြောင်း အသက်နှင့်လောင်းကြေးထပ်နေကြသူများဖြစ်သည်။

ဒါကြောင့် အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လက်အောက်ခံတပ်များသည် ကြွက်မနိုင်ကျည်မီးရှို့ဆိုသည့် စကားပုံအတိုင်း တနိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူ့တော်လှန်ရေးတပ်ကို ရှင်ပြိုင်နိုင်စွမ်းကျဆင်းလာကာ အပြစ်မဲ့ ပြည်သူလူထုများအား ရန်သူသဖွယ်ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရအမြတ် ထုတ်ဖို့ရန် အဖျက်အမှောင့် ဗျူဟာများအား စနစ်တကျစီစဉ်လုပ်ဆောင်လျှက်ရှိနေပြီး လေယာဉ်ပစ်လက်နက်ကြီးများအသုံးပြုကာ ပြည်သူနေမြို့ရွာများအတွင်းသို့ ဦးတည် ပစ်ခတ်၍ တော်လှန်ရေးတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဆိုပြီး ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများအား လုပ်ဆောင်လျှက်ရှိနေသည်။ သို့သော် စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို ပြည်သူများကား အသိဆုံးဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီကအညာမြေကိုပြာပုံဘဝဖြစ်အောင်ရက်စက်နေပါသော်လည်းပြာပုံဘဝကရုန်းထပြီးအညာသူအညာသားများတောဘုရင်ခြင်္သေ့ကဲ့သို့ပို၍ပင်သန်မာလာကြပြီဖြစ်ပါသည်။အေးချမ်းနေတဲ့အညာမြေကိုစစ်ဘီလူးအုပ်စုကစစ်မြေသလင်းဖြစ်စေခဲ့သည်။ဟုန်းဟုန်းတောက်လောင်ကျွမ်းနေသောမီးလျှံများကြားတွင်မိမိတို့ချစ်ခင်မြတ်နိုးတန်ဖိုးထားရသည့်လူအသက်ပေါင်းများစွာအိုးအိမ်များစွာစွန့်လွှတ်ပေးဆပ်နေကြရပါသည်။ဒီထက်ထပ်မံရင်းနှီးဆုံးရှုံးစရာမကျန်တော့သူများအဖို့တစ်ခုတည်းသောရွေးချယ်မှုဖြင့်အသက်အပ်၍တော်လှန်နေကြပြီဖြစ်သည်။ပြည်သူ့ဆန္ဒကိုဦးထိပ်ထားပြီးပြည်သူဖက်ကိုရပ်သည်နေသောသမိုင်းသွင်ကျန်ရစ်မည့်ပြည်သူချစ်သောသူရဲကောင်းများပေါ်ထွန်းရာအညာမြေဟုနွေဦးတော်လှန်ရေးမော်ကွန်းတင်လိုက်ရပါသည်။

Red News Agency

By Editor