စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

“ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေအနေမှာ ဘာကြောင့် PDF တွေကိုတားဆီးစေချင်တာလဲ ၊ အကြမ်းဖက်တပ်တွေ သွေးပျက်နေပြီလား မေးခွန်းထုတ်ရမှာပါ။ နောက်တစ်ချက်က ဒီအခြေအနေမှာ သူတို့ရဲ့ ထွက်ပေါက်အရ ဓားစာခံသဖွယ် ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတာမျိုးထက်  ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်သလို နိုင်ငံရေး စစ်ရေးနဲ့ စီးပွါးရေးအပါအဝင် နယ်ပယ်စုံမှာ  ကျရှုံးနေတဲ့  စစ်ကောင်စီဟာ  ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ကြိုးစားလာ”

ငြိမ်းမောင်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ခေါင်းဆောင်တစ်ချို့ကနေပြည်တော်အကျဥ်းထောင်မှာရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဆီကိုဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ပါတဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေသွားတွေ့ခဲ့တာလို့ဇွန်၁၂မှာသတင်းတွေမှာတွေ့ရပါတယ်။

ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ကို တားဆီးပေးဖို့ ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ  ပါဝင်ကူညီလုပ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို လာရောက်တွေ့ဆုံပြောဆိုမှုနဲ့ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ဘက်ကဘာသဘောထားမှတ်ချက်မှပြန်မပေးခဲ့ဘူးလို့လည်းသိရပါတယ်။အမှန်တကယ်တွေ့ဆုံခဲ့တာဟုတ်မဟုတ်၊အဲဒီအချက်တွေတကယ်ဆွေးနွေးခဲ့တာမှန်မမှန်အတည်မပြုနိုင်သေးပါ။ လက်ရှိအချိန်ဟာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ယှဥ်ပြိုင်တိုက်ခိုက်နေကြတဲ့ PDF တပ်ဖွဲ့တွေဟာအင်အားအများအပြားကြီးထွားလာနေတဲ့အချိန်ပါ။

နိုင်ငံအဝှမ်းမှာလည်း တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပြီး စွမ်းဆောင်ရည်မြင့်တက်ပြည်ဝလာတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ခုခံကနေ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲလို့ လာပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ ခံစစ်အသွင်ပြင်ဆင်ထားတာတွေရှိနေသလို လေယာဉ်အကူ အမြောက်ပစ်ကူ မပါရင် စစ်မတိုက်ရဲတော့တဲ့ အခြေအနေရှိနေပါတယ်။ ဒီအခြေအနေမှာ PDF တွေကိုတားဆီးပေးဖို့ပြောဆိုချက်ဟာဖြစ်နိုင်ချေများတယ်လို့သုံးသပ်ရမှာပါ။

နောက်တစ်ချက် ပြောချင်တာက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပေးဖို့ဆိုတဲ့ ကိစ္စပါ။ အကြမ်းဖက် အာဏာသိမ်းခဲ့တဲစစ်တပ်က လက်နက်ကိုင်အကြမ်းဖက်အင်အား အများအပြားသုံးပြီး အာဏာလုခဲ့တယ်ဆိုတာ တိုင်းသိ ကမ္ဘာသိပါ။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် အစိုးရ တာဝန်ရှိသူတွေကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ NLD ပါတီဝင်တွေပါတီထောက်ခံသူတွေကိုမတရားဖမ်းဆီးတာပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ချတာ၊ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်။အမူဖွင့်ပြီးဖမ်းဆီးတာမျိုးမဟုတ်ဘဲဖမ်းပြီးမှပုဒ်မတပ်တရားစွဲတာတွေလုပ်ခဲ့တယ်။အကြမ်းဖက်စစ်တပ်ဟာဥပဒေမဲ့ခဲ့တယ်၊ဥပဒေတွေကိုချိုးဖျက်ခဲ့တယ်။မဲစာရင်းအကြောင်းအမျိုးမျိုးပြနေပေမယ့်မလုပ်ရဲတာဘာမှမရှိခြေဥတွေဘာတွေသောက်ဂရုမစိုက်လုပ်ချင်တာလုပ်မယ်လူမိုက်အထာနဲ့လူပါးဝပြီးအတင်းအဓမ္မအာဏာလုခဲ့တယ်ဆိုတာလည်းတိုင်းသိကမ္ဘာသိပဲဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူကို ပစ်သတ်ဖြေရှင်းခဲ့တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကြောင့် ပေါ်ပေါက်လာရတဲ့ PDF တွေကိုအကြမ်းဖက်လုပ်ရပ်လုပ်နေတယ်ဆိုပြီး သူခိုးကလူပြန်ဟစ်တဲ့ခွေးဝဲစားစကား ခဏခဏပြောလေ့ရှိပါတယ်။ မဆွေးနွေးဘူး။ အပြတ်တိုက်မယ်ကြွေးကြော်ထားတယ်၊ ပြတ်ပြတ်သားသားအရေးယူမယ်လို့လဲ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အရှုးချေးပန်းပြောထားဖူးတယ်။ အခုတိုက်နေကြတာ အပြတ်တိုက်မဲ့ပွဲဖြစ်တယ်။ ဘယ်တော့မှဘယ်ကြောင့်ကြောင့်မှ လိုရာပန်းတိုင်မရောက်မချင်း နောက်မဆုတ်မဲ့ပြည်သူ့ရဲဘော်တွေရှိနေပြီဖြစ်တယ်။

ဒီတွေ့ဆုံမှုသာ မှန်ကန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေအနေမှာ ဘာကြောင့် PDF တွေကိုတားဆီးစေချင်တာလဲ ၊ အကြမ်းဖက်တပ်တွေ သွေးပျက်နေပြီလား မေးခွန်းထုတ်ရမှာပါ။ နောက်တစ်ချက်က ဒီအခြေအနေမှာ သူတို့ရဲ့ ထွက်ပေါက်အရ ဓားစာခံသဖွယ် ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတာမျိုးထက်  ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်သလို နိုင်ငံရေး စစ်ရေးနဲ့ စီးပွါးရေးအပါအဝင် နယ်ပယ်စုံမှာ  ကျရှုံးနေတဲ့  စစ်ကောင်စီဟာ  ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ကြိုးစားလာခြင်းတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ ခေါင်းဆောင်တစ်ချို့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့မှုဟာ ရန်ကုန် သံလျင်မြို့နယ် သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရဟာ  NLD ပါတီ နာယကကြီးသူရဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့မှုအပြီး ၄ ရက်အကြာမှာ သတင်းထွက်လာတာပါ။ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကတော့ ဆရာတော်ဦးဥတ္တမသာရဟာ  NLD ပါတီနာယကကြီးသူရဦးတင်ဦးကိုသွားရောက်တွေ့ဆုံခဲ့တာရှိပါတယ်။ဒီတွေ့ဆုံမှုမှာဒေါ်အောင်ဆန်းစုကြည်အနေနဲ့နိုင်ငံရေးကအနားယူပြီးငြိမ်းချမ်းရေးလုပ်ငန်းတွေမှာကူညီလုပ်ဆောင်ဖို့ဆရာတော်ဦးဥတ္တမသာရကသွားရောက်ပြောဆိုခဲ့တာရုပ်သံမှာတွေ့ခဲ့ရပါတယ်။

ဆရာတော် ဦးဥတ္တမသာရကသူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တဖက်မှာလည်း တပ်မတော်က နည်းနည်းတင်းမာနေတာပေါ့။ တပ်မတော်က မလုပ်စေချင်ဘူးပေါ့။ သူက လုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါကြောင့် သူကသာ ပြည်သူရဲ့ အကျိုးအတွက် မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားစေဖို့ သူကသာ ဖြူမယ်ဆိုရင် ဖြူမယ့်သူတွေများတယ်ဆိုပြီး  ​နယကကြီးဦးတင်ဦးကိုပြောဆိုခဲ့တာရုပ်သံမှာတွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆန္ဒက အဓိကကျတယ်လို့နားလည်တာပဲ။ သူ့အပေါ်မှာ မူတည်ပြီး အများကြီး သူပြောင်းလဲရင် ပြောင်းလဲနိုင်တယ်ပေါ့။ ဝိုင်းပြီးပြောင်းလဲမယ်ဆိုတဲ့ သဘောမျိုးလို့ နားလည်တယ်။ အဲဒါကြောင့်လည်း တွေ့ကြည့်ချင်တယ်။ သူ့ကိုလည်းတွေ့ပြီးတော့မှ ရှင်းပြချင်တာပေါ့။ သူသာပါလာတယ်ဆိုရင် တိုင်းပြည်အခြေအနေ တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့ဆိုပြီးလည်းဦးတင်ဦးကိုပြောဆိုခဲ့ပါတယ်။

ပြည်သူက  အဖက်မလုပ်ချင်တော့တဲ့ အကြမ်းဖက် စစ်ကာင်စီဟာ ပြည်သူက ချစ်တဲ့ ပြည်သူ့အသဲနှလုံး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးထဲ ဖယ်ရှားချင်တာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလို အမုန်းအာဃာတတွေ ရှိနေတယ်ဆိုတာ အာဏာလုထားတဲ့ သက်တမ်းတစ် လျှောက် သူတို့ရဲ့ လိမ်လည်ကောက်ကျစ် ယုတ်မာမှုတွေ လုပ်ရပ်တွေက  သက်သေပြပြီးဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးလုပ်မလုပ်အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့အလုပ်မဟုတ်ပါ။နိုင်ငံရဲ့အခြေအနေအရကာကံရှင်ရဲ့ပြည်သူကယုံကြည်ထောက်ခံမှုဒါတွေကအဓိကဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သဘောထားကွဲပြားတာတွေများစွာရှိနိုင်တယ်။ ဒါပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုအများစုကြီးက ယုံကြည်ထောက်ခံထားတယ်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့မရဘူး။ ပြည်သူလူထုရဲ့ဆန္ဒကိုတော့ လေးစားရလိမ့်မယ်။ ဒါကြောင့်ကိုယ်ကြိုက်တာ မကြိုက်တာ၊ သဘောတူတာ မတူတာကတပိုင်းဘဲ။ မြန်မာ့နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်းဖို့စဥ်းစားမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကိုချန်လှပ်စဥ်းစားလို့မရနိုင်ပါဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးက လူမှုကွန်ရက်မှာ ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီမှာ အသက် ၇၈ နှစ်ပြည့်မြောက်တော့မှာလဲ ဖြစ်ပါတယ်။ မိသားစုကို စွန့်လွှတ်ခဲ့ပြီး တိုင်းပြည်အပေါ်  မေတ္တာတရားနဲ့အုပ်ချုပ်ပြခဲ့တယ်။နိုင်ငံအကျိုးအတွက်အများကြီးအလုပ်ခဲ့ပြီးပါပြီ။လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီကစွပ်စွဲတဲ့အမှုပေါင်း၁၉အမှုအတွက်ထောင်ဒဏ်၃၃နှစ်ကျခံနေရပြီးဒီလိုနေပြည်တော်အချုပ်ထောင်တွင်းကအဆောက်အအုံတစ်ခုမှာတစ်ဦးတည်းသီးခြားထိန်းသိမ်းခံထားရနေရတာပါ။ဒီလိုပေးဆပ်မှုတွေစွန့်လွှတ်ခဲ့မှုတွေနိုင်ငံအတွက်စေတနာအပြည့်နဲ့လုပ်ဆောင်ပေးခဲ့သူအသက်အရွယ်၇၀ကျော်၈၀နီးပါးအမျိုးသမီးကြီးဆီကအကြမ်းဖက်အာဏာလု ဖက်ဆစ်စစ်တပ်ဟာ ဘာတွေမျှော်လင့်နေတာလဲ။

Red New Agency

By Editor