စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။

“သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့” ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။

ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်သွားကြသော်လည်း ဦးကျော်ဆွေနှင့် အချို့သော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏အလိုကျ လိုက်နာဆောင်ရွက်နေကြဆဲဖြစ်သည်။

#RedNewsAgency

By Editor