အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

“သဘာဝတရားရိပ်သာထဲက အရှုပ်ထုတ်တွေကလည်း အများကြီး။ လူသတ်မှုဖြစ်တဲ့အထိ၊ ရိုက်မှုတွေ အချင်းချင်းအနိုင်ကျင့်မှုတွေဖြစ်တဲ့အထိ၊ငွေရေး ကြေးရေး အချေးအငှား အပေးအယူကနေ ပြဿနာဖြစ်တဲ့အထိ မျိုးစုံပါပဲ” 

တော်လှန်ရေးသစ္စာဖြင့် -ရဲဘော်မီရို ရေးသားသည်။

သဘာဝရိပ်သာဆရာတော်လို့ခေါ်တဲ့ ဆူနာမီ ဥတ္တရသာရအကြောင်းဟာ ဒီကနေ့ လူပြောသူပြောများနေတဲ့ကိစ္စဖြစ်လာပါတယ်။

ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ ဦးဇင်းမင်းသုညတို့၊ ဆရာတော် ဦးဝါယမတို့ကတော့ ဆူနာမီ ဥတ္တမသာရရဲ့ လာရာနဲ့ လားရာကို ဖွင့်ချခဲ့ပါတယ်။

ဥတ္တမသာရ ဘာလဲ၊ဘယ်လဲ

—————————————–

ဥတ္တမသာရဟာ စီးပွားရေးသမားတဖြစ်လဲ ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်လာတဲ့သူပါ။ဆိုလိုတာ ငယ်ဖြူမဟုတ်ဘူး၊တောထွက်ရဟန်းလို့ ပြောကြပါတယ်။

ပိုဆိုးတာ သူ့ကိုယ်သူ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီ၊ရဟန်းကိစ္စပြီးသူလို့ ကြွေးကြော်တယ်လို့ သိရပါတယ်။

ဥတ္တမသာရရဲ့ မဂ်တု ဖိုလ်တုဝါဒကို မဟနက အစောပိုင်းမှာ အဓမ္မဝါဒနဲ့ ဝိနစ္စယခုံရုံးတင်ပြီး ဆုံးဖြတ်မယ်လို့ ကြားပြီး နောက်ပိုင်းမှာ သာသနာရေးဝန်ကြီးဌာနက စစ်ဗိုလ်လူထွက် အရာရှိတွေကို ငွေနဲ့ပေါက်ပြီး အမှုပိတ်လိုက်တယ်လို့ ကြားပါတယ်။

သာသနာရေးဝန်ကြီးဌာနဆိုတာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်လို့ လူထုဘက်ကရပ်တည်တဲ့ ရှင်ဥက္ကဌတို့လို မိုးပြာဦးဉာဏတို့ကိုသာ ပြဿနာရှာခဲ့တာဖြစ်ပေမယ့် ဥတ္တမသာရတို့လို ခရိုနီဘုန်းကြီးတွေကိုတော့ ဖေးဖေးမမလုပ်နေတာ သက်သေထင်ရှားပါတယ်။

ဥတ္တမသာရရဲ့ အတိတ်ကံကိုပုံချတဲ့ဝါဒ၊ပြုသူအသစ် ဖြစ်သူအဟောင်းဆိုပြီး ကံကြွေးချဝါဒတွေကို ခေတ်မီတိုးတက်တဲ့အမြင်ရှိတဲ့ ဘုန်းကြီးတွေက ဝေဖန်ပါတယ်။

ရဟန်းမဝတ်ခင်ကတည်းက အဝိဇ္ဇာမှ ဝိဇ္ဇာသို့ဆိုပြီး တရားစာအုပ်၊တရားခွေတွေ ဖြန့်ချီရေးအလုပ်နဲ့ သာသနာရေးလောကကို ဝင်ရောက်လာပြီး သူ့နေရာ သူတည်ဆောက်ခဲ့တယ်။ ရဟန်းမဝတ်ခင်ကတည်းက ရဟန်းကိစ္စပြီးပြီဆိုပြီး ကိုယ့်ကိုယ်ကို ရဟန္တာဖြစ်ပြီလို့ကြေညာတာ ပါရာဇိကသိက္ခာပုဒ်နဲ့ ညိစွန်းနေတယ်လို့ ဝေဖန်သံတွေလည်း ကြားရပါတယ်။ ဝါနှစ်ဆယ်ရှိပြီးပေမယ့် တခါမှ ဒေသနာမကြားခဲ့ဖူးဘူးလို့လည်း စစ်ဆေးတွေ့ရှိရပါတယ်။ အခြေခံရဟန်းကျင့်ဝတ်တောင်မှ မလိုက်နာနိုင်ရင် ဘယ်လိုလုပ် ဝိနည်းနဲ့ညီတယ်လို့ သတ်မှတ်လို့ရမှာလဲ။

သဘာဝတရားရိပ်သာထဲက အရှုပ်ထုတ်တွေကလည်း အများကြီး။ လူသတ်မှုဖြစ်တဲ့အထိ၊ ရိုက်မှုတွေ အချင်းချင်းအနိုင်ကျင့်မှုတွေဖြစ်တဲ့အထိ၊ငွေရေးကြေးရေး အချေးအငှား အပေးအယူကနေ ပြဿနာဖြစ်တဲ့အထိ မျိုးစုံပါပဲ။

နိုင်ငံတကာမှာ ဝင်ငွေရပေါက်ရလမ်းမျိုးစုံနဲ့ ဘဏ်အကောင့်ပေါင်းစုံလုပ်ထားတဲ့ ဥတ္တမသာရဟာ အမေရိကန် နိုင်ငံသားဖြစ်အောင် အစိမ်းရောင်ကဒ်ကိုလည်း ငွေပုံအောပြီး ဝယ်ထားသေးတယ်လို့ သိရပါတယ်။

အခုနောက်ဆုံး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဆီသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး နိုင်ငံရေးနားလိုက်ဖို့ တိုက်တွန်းတဲ့ ဗွီဒီယိုဖိုင်ကြောင့် ပြဿနာတွေဟာ အထိပ်အထွတ်ကို ရောက်လာခဲ့ပါတယ်။

ဥတ္တမသာရရဲ့ နိုင်ငံရေးရပ်တည်ချက်

——————————————————-

ဥတ္တမသာရဟာ လူမှုနောက်ခံအရ စီးပွားရေးအသိုင်းအဝိုင်းကလာပြီး ကိုယ်တိုင်က ရဟန်းအဖြစ်ရပ်တည်နေတဲ့အတွက် အုပ်စိုးသူလူတန်းစားကို ကိုယ်စားပြုပြီး အလုပ်လုပ်နေတာဖြစ်တယ်။

သူမှမဟုတ်ဘဲ အခြားသော ဗုဒ္ဓဘာသာဘုန်းကြီးတော်တော်များများလည်း မိမိတို့ပိုင်ဆိုင်မှုတွေကို အကြောင်းပြုပြီး အာဏာပိုင်ကို အတိုက်အခံပြုရဲသူ တော်တော်ရှားပါတယ်။

ဗုဒ္ဓဘာသာရဟန်းတွေကြားမှာ စစ်ကောင်စီကို ထောက်ခံသူတွေ၊ စစ်ကောင်စီနဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသူတွေ အများအပြားရှိပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ အသိသာဆုံးကိစ္စက ဝါသဝတို့လို ဘုန်းကြီးတွေက ပျုစောထီးစီမံကိန်းမှာ ကိုယ်တိုင်ကိုယ်ကျပါလာပြီး လက်နက်ကိုင်အကြမ်းဖက်လုပ်ငန်းတွေလုပ်လာတဲ့အခြေအနေအထိ ဆိုးဝါးလာတာကို မြင်ရပါတယ်။

သေနတ်ကို သင်းပိုင်ကြားမှာ ထိုးပြီး ဒလန်လုပ်နေတဲ့ ဘုန်းကြီးတွေနဲ့ အကျိုးစီးပွားရှာဖို့ လိမ်နည်းပေါင်းစုံနဲ့ လိမ်ညာနေတဲ့ မယ်သီလရှင်တွေ နောက်မှာ စစ်တပ်က အပြည့်အဝရပ်တည်ပေးနေပါတယ်။အပြန်အလှန်အနေနဲ့ ဒီဘုန်းကြီးတွေ၊မယ်သီလရှင်တွေက စစ်လော်ဘီအဖြစ်နဲ့ ပြန်လည်အသုံးတော်ခံနေကြပါတယ်။

သီလကြောင်နဲ့ မဂ်ယောင်ဖိုလ်ယောင် ဘာသာရေး

——————————————————————-

ဆွေးမြည့်ပုပ်ဟောင်နေတဲ့ ထေရဝါဒအဆောက်အအုံကြီးကို ပြန်လည်သစ်လွင်လာအောင်လုပ်ဖို့ဆိုရင် သာသနာကို တဖြေးဖြေးချင်းပြင်ဆင်ပစ်ရမယ်ဆိုတဲ့ အယူအဆနဲ့ စဥ်းစားလို့မရပါဘူး။

တဦးချင်း တယောက်ချင်းကစပြီး ကောင်းအောင်လုပ်ယူမယ်ဆိုတဲ့ အတွေးအခေါ်နဲ့လည်း သွားလို့မရပါဘူး။

ထေရဝါဒကို အခြေအမြစ်ကနေစပြီး လှုပ်ခါသွားအောင် လုပ်ဆောင်ရပါမယ်။ဒါမှသာ ကပ်ပါးတွေ အကုန်လွင့်စဥ်သွားမှာဖြစ်ပါတယ်။ ထေရဝါဒကို အစအဆုံး အိတ်သွန်ဖာမှောက် အတွင်းနဲ့အပြင် လှန်လှောပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။

သီလကြောင်တွေ၊မဂ်ယောင်ဖိုလ်ယောင်တွေဟာ ဟန်ဆောင်မျက်နှာဖုံးစွပ်ပြီး လူအများကြည်ညိုအောင် သူတို့ကိုယ်သူတို့ အတုအယောင်တရားတွေနဲ့ တည်ဆောက်ထားကြပါတယ်။

လူထုဟာ အတုကို အတုမှန်းသိအောင် အရင်လုပ်ယူရပါလိမ့်မယ်။အတုနဲ့အစစ်ခွဲတတ်အောင် လေ့လာရပါမယ်။ကျနော်ပြောတာ တရားစစ်နဲ့တရားတု ခွဲခြားတတ်ဖို့ အရင်ဆုံးလုပ်ရပါမယ်။

တရားစစ်ဆိုတာ ဘာသာစွဲ လူမျိုးစွဲမထားဘဲ လူသားတွေကို လူသားဆန်ဆန်နဲ့ ရှုမြင်သုံးသပ်နိုင်တာလို့ ယူဆပါတယ်။လူသားတွေရဲ့ လွတ်လပ်ခွင့်၊တန်းတူညီခွင့်၊တရားမျှတမှုရရှိခွင့်၊သွေးစည်းညီညွတ်မှုတည်ဆောက်ခွင့်တွေဘက်က ပြတ်ပြတ်သားသားရပ်တည်ပေးတာပဲဖြစ်တယ်။

စစ်ကောင်စီလို လူသားမျိုးနွယ်ကို ဖျက်ဆီးရန်လိုနေတဲ့ ဖက်ဆစ်အင်အားစုတွေကိုတော့ တရားချလို့မရပါဘူး။လူသားတွေကိုချစ်ရင် ဖက်ဆစ်တွေကို အမြစ်ပြတ်အောင် တိုက်ဖို့လိုပါတယ်။ဘုန်းကြီးတွေရဲ့ ရပ်တည်ချက်က ဖက်ဆစ်တွေဘက်က ရပ်နေမယ်ဆိုရင် အဲ့ဒီလိုလူမျိုးတွေကို သာသနာ့ဝန်ဆောင် ရဟန်းသံဃာလို့ ရှုမြင်လို့မရတော့ပါဘူး။ဖက်ဆစ်စစ်အုပ်စုနဲ့ တတန်းတည်းထားပြီး တိုက်ရမှာဖြစ်ပါတယ်။

လူထုအကျိုးစီးပွားနဲ့ သံဃာ့အကျိုးစီးပွား

————————————————————–

လူထုမရှိရင် သံဃာလည်းမရှိပါဘူး။ဒါက ရှင်းပါတယ်။ကွယ်ရမည့်သာသနာလို့ ဆိုထားတယ်မလား။ကိုးကွယ်မည့်လူထုပရိသတ်မရှိတော့တဲ့တနေ့ သာသနာလည်း ကွယ်ပမှာပဲ။

ကမ္ဘာပေါ်မှာ ပေါ်ထွန်းခဲ့တဲ့ ဘာသာအယူဝါဒတွေအားလုံးဟာ တနေ့နေ့တချိန်ချိန်ကျရင် သူ့ဖာသာသူ နိဂုံးချုပ်သွားကြပါလိမ့်မယ်။ဟိုးအရင်က ထွန်းကားခဲ့တဲ့ နတ်ကိုးကွယ်မှုလို၊ ဇိုရိုအက်စတာဝါဒလို အယူအဆတွေဟာ ပုံစံနှစ်မျိုးနဲ့ ကွယ်ပျောက်ခဲ့ရတယ်။တမျိုးက အခြားဘာသာအယူအဆတခုနဲ့ အစားထိုးလိုက်တာ၊ နောက်တမျိုးက ခေတ်နဲ့မလျော်ညီလို့ လူထုကိုယ်၌က စွန့်ပစ်လိုက်တာပဲဖြစ်ပါတယ်။

လူထုအကျိုးစီးပွားကို အခြေတည်တဲ့ ဘာသာရေးကတော့ မြန်မြန်ဆန်ဆန် မကွယ်ပျောက်ဘဲ နှစ်ရှည် လများ အမြစ်တွယ်တတ်ပါတယ်။ဒီနေရာမှာလည်း ကျဥ်းမြောင်းတဲ့ လူမျိုးရေးပေါ်အခြေခံထားတဲ့ ဘာသာရေးလား၊ ကျယ်ပြန်တဲ့ လူထုအခြေခံပေါ်က တည်ဆောက်ထားတဲ့ ဘာသာရေးလားဆိုတာ ကွာခြားသွားပါသေးတယ်။

ပထမအမျိုးအစားမှာ ဟီးဗရူးလူမျိုးတွေကိုးကွယ်တဲ့ ဂျုဒါဝါဒလို ဘာသာရေးတွေပါတယ်။ဂျုဒါအစ်ဇင်းဟာ ဂျုးလူမျိုးတမျိုးတည်း လွတ်မြောက်ရေး၊ဂျူးလူမျိုးတမျိုးတည်း ကောင်းစားရေးကို ပုံဖော်ပါတယ်။အခြားလူမျိုးတွေကို ရန်သတ္တရုပြုတတ်ပါတယ်။သမိုင်းသင်ခန်းစာအရ ဂျုးတွေကို ဝိုင်းဝန်းဆန့်ကျင်တဲ့ ရန်သူများလာခဲ့ပါတယ်။ဟစ်တလာသတ်လို့ ဂျုးခြောက်သန်းလည်း သေခဲ့ရပါတယ်။နောက်ပိုင်း ဂျုးတွေက ဘာသာရေးအမြင်အပြင် ဇီယွန်ဝါဒအမျိုးသားရေးအမြင်နဲ့ စစ်ဝါဒတွေပါ ထပ်ပိုးပြီး အစ္စရေးနိုင်ငံထူထောင်လိုက်ပါတယ်။ခုထိ အရှေ့အလယ်ပိုင်းပြဿနာမပြေလည်သေးပါဘူး။

ဒုတိယအမျိုးအစားမှာ ခရစ်ယာန်၊အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာတွေပါပါတယ်။ခရစ်ယာန်ဖြစ်ဖို့ အစ္စလာမ်ဖြစ်ဖို့ ဗုဒ္ဓဘာသာဖြစ်ဖို့ ဘာလူမျိုးတော့အရင်ဖြစ်ရမယ်လို့ မဆုံးဖြတ်ပါဘူး။မွေးကတည်းက ဘာလူမျိုးဖြစ်ဖြစ် အသက်ကြီးလာမှ ကိုယ်ကြိုက်ရာ ဘာသာထဲဝင်လို့ရတယ်လို့ ခွင့်ပြုထားတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီသုံးဘာသာရဲ့ လွတ်လပ်ခွင့်ဟာ ဟိန္ဒူဘာသာနဲ့တောင်မတူပါဘူး။ဟိန္ဒူမှာက ဇာတ်ခွဲခြားတဲ့စနစ် ရှေးရိုးစွဲအမြင်က အခိုင်အမာနေရာယူထားလို့ ဟိန္ဒူဘာသာဝင်တွေထဲမှာ မျိုးဗီဇဆိုင်ရာပြဌာန်းခံအယူအဆကြီးကြီးမားမားရှိပါတယ်။

ခရစ်ယာန်၊အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဟာ ခုလတ်တလောကမ္ဘာမှာ အပြိုင်အဆိုင်ဖြစ်နေတဲ့ ဘာသာရေးတွေပါ။ဒါပေမယ့် ဒီသုံးဘာသာလုံးရဲ့ အားနည်းချက်က သာသနာကိုစောင့်ရှောက်တယ်ဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ပြားမှုတွေ ဒုနဲ့ဒေးရှိနေတာပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အထူးသဖြင့် ထေရဝါဒကို မီးမောင်းထိုးပြရရင် သီတဂူလို၊ဆေကိန္ဒလို၊ဝါသဝတို့လို၊ဝဇီပိတ်တို့လို၊ဝီရသူတို့လို၊ခုနောက်ဆုံး ဥတ္တမသာရတို့လို လူတစုကောင်းစားရေးအတွက် လူထုကို ချနင်းနေတဲ့သူတွေ အများကြီးရှိပါတယ်။

လူမျိုးခြား ဘာသာခြားတွေကို လူမဟုတ်ဘူးဆိုတဲ့ လူသားအဆင့်ကလျှော့ချပြီး ခွေးနဲ့ခိုင်းနှိုင်းတဲ့ အမုန်းတရားတွေလည်း ဖြန့်ခဲ့ကြပြီးပါပြီ။ စစ်သားတွေ မွတ်စလင်တွေသတ်တာ ငရဲမကြီးဘူးဆိုတဲ့ သဘောမျိုးလည်း ဟောပြောခဲ့ကြပါတယ်။သရဏဂုံမတည်ရင် လူမဟုတ်ဘူးဆိုတဲ့ အတ္တဝါဒနဲ့ ဗုဒ္ဓရဲ့ အနတ္တဝါဒကို ဆန့်ကျင်ဖက်လုပ်ခဲ့ကြပြီးပါပြီ။

ပဋိကတ်သုံးပုံနဲ့ ကိုင်ပေါက်ပြီး လူတွင်ကျယ်လုပ်နေတဲ့ ဟစ္စပိုခရစ် (ကြောင်သူတော်)တွေ မရှိမှသာ သာသနာဟာ ပိုသန့်စင်လာပါလိမ့်မယ်။ဒီအရှုပ်တွေကို တမင်မရှင်းဘဲ သူတို့အကျိုးစီးပွားအတွက် မွေးထားတာက မင်းအောင်လှိုင်စစ်အုပ်စုပါ။

နိုင်ငံရေးထဲ သံဃာထုမပါအောင်၊ ပြည်သူလူထုအကျိုးစီးပွားအတွက် သံဃာထုက မရပ်တည်ပေးအောင် ဆရာ-ဒကာဆက်ဆံရေးတည်ဆောက်တဲ့စီမံကိန်းနဲ့ အကျင့်ပျက်ဘုန်းကြီးတွေကို ရည်ရွယ်ချက်ရှိရှိ မွေးထုတ်တာ စစ်အုပ်စုပဲဖြစ်ပါတယ်။

ဆိုတော့ စစ်အုပ်စုဘက်က ရပ်တည်ပြီး ကျောင်းကောင်းကောင်း၊ကားကောင်းကောင်းနဲ့ ဇိမ်ခံနေတဲ့ အကျင့်ပျက် ကြောင်သူတော်တွေကို လူထုက ဆန့်ကျင်ဖို့လိုအပ်လာပါပြီ။

ဘုန်းကြီးနဲ့မအပ်စပ်တဲ့ ကိစ္စမှန်သမျှကိုလုပ်နေတဲ့ သဘာဝရိပ်သာ ဥတ္တမသာရလို ပုဂ္ဂိုလ်မျိုးကို လူထုထောက်ခံမှု အမြန်ဆုံးရုတ်သိမ်းကြဖို့ အရေးတကြီး အပူတပြင်းလိုနေပါပြီ။

နိုင်ငံတကာပြည်သူတွေလှုတဲ့ငွေကြေးနဲ့ မြေတွေ၊တိုက်ခန်းတွေဝယ်ပြီး ရောင်းစားနေတဲ့ ဥတ္တမသာရဟာ မယ်သီလရှင်တွေကို မွေးနေ့လက်ဆောင် အမွေးပွဝက်ဝံရုပ်ကြီးပေးတဲ့အဆင့်ထိ အွန်လိုင်းပေါ်မှာ ရိုပြတဲ့သူပါ။ဒီလုပ်ရပ်ကို ကြည့်ရင် ရဟန္တာဆိုတာ ရိုမန်တစ်ဆန်လှချည်လားလို့ ယူဆစရာရှိလာပါတယ်။

ခပ်ပိန်းပိန်းမဟုတ်တဲ့ ဘယ်သူမဆို အစစ်နဲ့ အတု ခွဲတတ်ကြမယ်လို့ ယူဆပါကြောင်းပါခင်ဗျား။

#RedNewsAgency

By Editor