စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

RNA_ဖားကန့် မေလ၂၉ ရက်၊၂၀၂၃ ခုနှစ်။
 
ဖားကန့်မြို့၊ မော်ဝမ်းအုပ်စု၊ မော်ဝမ်းကြီးကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်မှ မေလ ၂၇ ရက် ညဦးပိုင်းတွင် သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
 
စစ်ကောင်စီတပ်မှဝင်စီးခဲ့သည့် ကျောက်စိမ်းလုပ်ကွက်သည် အပေးအယူ တည့်ထားသည့်အတွက် ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်ဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းစဉ် ဘက်ဟိုးနှင့် မြေသယ်ကားများအား သိမ်းဆည်းပြီး လုပ်ကွက်လုံခြုံရေးယူပေးထားသည့် ကချင်အမျိုးသား (၆) ဦးခန့်နှင့် ကျောက်ကျင်းလုပ်ကွက်မှ ဝန်ထမ်း(၅၀)ဦးခန့်အား ‌ဖမ်းဆီးကာ မြေပြင်တွင်ထိုင်ခိုင်းထားခဲ့ကြေင်း မျက်မြင်တွေ့သူတဦးက ပြောသည်။
 
စစ်ကောင်စီ စစ်တပ်၏ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်သည် ကျော်နိုင်နှင့်ညီများ ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရပြီး ကျော်နိုင်နှင့်ညီများအုပ်စုသည် ယခင်က စစ်ကောင်စီတပ်နှင့် KIA လက်နက်ကိုင်အဖွဲ့အစည်းအပြင် ဒေသတွင်း ဩဇာညောင်းသော ဗုဒ္ဓဘာသာဘုန်းကြီးများနှင့်ပါ အပေးအယူတည့်ခဲ့သော်လည်း ယမန်နေ့က စစ်ကောင်စီ စစ်တပ်၏ သေနတ်ပစ်ဖောက် စီးနင်းခြင်းခံခဲ့ရခြင်းဖြစ်သည်။

လုပ်ကွက်အတွင်း စီးနင်းပြီး စက်ယန္တရားနှင့်လူ ဖမ်းဆီးခဲ့သည့်အခြေ အနေကို တိတိကျကျအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်နေ့က လုံးခင်းကျေးရွာ၊ ရပ်ကွက်(၅)ရှိ ဉရုခ ဟော်တယ်အတွင်း ဝင်ရောက်စီးနင်းပြီး အမျိုးသား (၅)ဦးအား ဖမ်းဆီးခဲ့သလို မေလ ၂၅ ရက်နေ့ကလည်း မော်ဝမ်းရပ်ကွက်မှ နေအိမ်တစ်ခုအား ဝင်ရောက်စီးနင်းပြီး အမျိုးသားနှစ်ဦးနှင့် ကျောက်ရိုင်းတုံးများဖမ်းဆီးခဲ့သည်။
 
ဖားကန့်၌ စစ်ကောင်စီက ကျောက်ကျင်းတူးဖော်သည့် စက်ယန္တရားများနှင့် လုပ်ကွက်များအား ဘက်ဟိုးစက်တစ်စီးအသုံးပြုလျှင် မည်ရွှေ့မည်မျှ၊ လုပ်ကွက်အသေးအကြီးတစ်ခုလျှင် မည်ရွှေ့မည်မျှ စသဖြင့် ငွေကြေးသတ်မှတ်နှုန်းထားများဖြင့် တူးဖော်ခွင့်ပြုထားပြီး အလိုမကျသည့်အခါတိုင်း ဝင်ရောက်စီးနင်း စစ်ဆေးလေ့ရှိပြီး အခန့်မသင့်ပါက စက်ယန္တရားနှင့် ကျင်းလုပ်သားများအား ဖမ်းဆီးမှုများ ဆောင်ရွက်လေ့ရှိသည်။
 
#RedNewsAgency
By Editor