မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။
ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။
 
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
 
“ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခိုက်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်ဆုံးရှုံးမှု များပြားခဲ့ရကြောင်း၊ မုန်တိုင်းအလွန်တွင် ရသေ့တောင်မြို့နယ်မှ ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ လှူဒါန်းသည့် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်ထုတ် စသည့် စားသောက်ကုန်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို လိုအပ်သည့် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်လုထုထံသို့ အရောက် AA တပ်သားများက ဒေသခံများနှင့် ပူးပေါင်း၍ ပို့ဆောင်ပေးနေသည်ကို တွေ့ရသည်။
 
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန် အာဆီယံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများက စစ်ကောင်စီထံသို့ အလုံးအရင်းဖြင့် လှူဒါန်းထားမှုများရှိသော်လည်း ‌မုန်တိုင်းဒဏ်ခံစားရသည့် ဒေသခံများထံသို့ ထိထိရောက်ရောက် ရောက်ရှိလာခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။

 

Red News Agency
By Editor