ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။

ရှမ်း-ကယား နယ်စပ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှ နံနက် ၉ နာရီအထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀) ဦးထက်မနည်း သေဆုံးပြီး (၂) ဦးဖမ်းဆီးခံရကာ အများအပြားထွက်ပြေးသွားကြောင်း သိရသည်။

ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01နှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်များမှ စစ်ကောင်စီတပ်လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် အသေအဆုံး နည်းခဲ့ရခြင်းဖြစ်ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီးများ ပစ်ခတ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာအနီး ပြည်သူများ သွားလာခြင်းမလုပ်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

#RedNewsAgency

By Editor