ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိခဲ့ပါသည်” ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏တပ်များအား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆) တပ်ရင်းဖြစ်သည့် KNDF B/09၊ KNDF ဗျူဟာ (၄) တပ်ရင်းများဖြစ်သည့် KNDF B/01၊ KNDF B/05၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ (၄)ရက်နေ့ တိုက်ပွဲအတွင်း KNDF B/06 တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်တိုက်ပွဲဖြစ်နေကြောင်း၊ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ် အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ကြောင်း၊ ဧပြီလ (၄) ရက်နေ့ ညနေ (၃)နာရီကျော် အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက်ပစ်ခက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor