မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။
 
မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

စခန်းပြန်လည်သိမ်းယူသည့် တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားများထံမှ MA-1၊ MA-2၊ MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ပါ စုစုပေါင်း(၂၃)လက်နှင့် ကျည်(၃၃၆၀)တောင့်၊ ဆက်သွယ်ရေးစက်(၂)လုံး၊ စကားပြောစက်(၂)လုံး၊ ဖုန်း(၂)လုံး၊ ဓာတ်ခဲဗူး(၄)ဗူးနှင့် စစ်ဘောင်းဘီ(၂)ထည်သိမ်းဆည်းရမိခဲ့ကြောင်း၊ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ခုနှစ် KNUဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အလုံးအရင်းဖြင့်ထိုးစစ်ဆင်သိမ်းယူထားသည့်KNLAစခန်းဟောင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor