ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ UEC က NLD နှင့် SNLD အပါအဝင် ပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ “ပြည်သူရှိသ၍ ပါတီရှိနေမည်”ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
 
“၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တည်ဆဲဥပဒေများကိုချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိသည့်အတွက် ၎င်း၏လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှုမရှိကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ကြေညာချက်အမှတ် ၇/၂၀၂၂ ၊ ၁၀/၂၀၂၂ ၊ ၁၂/၂၀၂၂ တို့ဖြင့် အတိအလင်းကြေညာထားပြီးဖြစ်သဖြင့် တရားဝင်ဖွဲ့စည်းထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိပါကြောင်း ထုတ်ပြန်ထားသည်။
 
မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစပြီး ယနေ့အထိ NLD ပါတီဝင် (၁၂၄၅) ဦးဖမ်းဆီးခံရပြီး၊ စစ်ကြောရေးနှင့် ထောင်တွင်းအကျဉ်းကျစဉ် ပါတီဝင် (၂၆) ဦး ကျဆုံးခဲ့ရကြောင်း၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခံခဲ့ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၂၀၆) ဦးအပါအဝင် ပါတီဝင် (၃၇၁) ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရပြီး၊ (၄၇) ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် (၁၂၀) ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။
 
#RedNewsAgency
By Editor