မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး၊ တပ်ကြပ်နှင့် ဒုရဲမှူးအပါအဝင် (၈) ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး AK-Rifle (၇) လက်၊ AK စက်လက် (၁) လက်၊ G3- Rifle (၇) လက်၊ UZI (၁) လက်၊ ရဲဦးထုပ် (၂) လုံး၊ AK ကျည် (၁၉၆) တောင့်၊ G3 ကျည် ဘောက် (၈) ဘောက်၊ G3 ကျည် (၃၈၅) တောင့်၊ UZI 9mm ကျည် (၁၀၄) တောင့်၊ ဖုန်း (၂) လုံး၊ နာမည်ရင်ထိုး (၁) ခု၊ ပုခုံးပွင့် (၂) ခု၊ စသည့်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်” ဟု စစ်ဒေသခွဲ သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၃) ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ပြည်သူပိုင် နေအိမ် (၆) လုံး၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ကာ အရပ်သားပြည်သူပိုင် အိမ်မွေး ဝက် (၁) ကောင် သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ကျဆုံးကာ (၂) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း (၂) စင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

#RedNewsAgency

By Editor