ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။
 
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
 
၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် ဝင်ရောက်လာချိန် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီ၏ စကခ (၂)လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီးကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာဖြင်းဖြစ်သည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာမှ ယနေ့ ထုတ်ပြန်ထားသည်။

 
“ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့ပူးပေါင်းတပ်များမှ ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် ၎င်းတို့ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့်တိုက်ပွဲအပါအဝင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း၊ မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါးလာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိပြီးကြောင်း၊ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုအပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များမှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။
 
စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများအတွင်း တပ်စွဲကာ မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေပြီး ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်းမီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူများအနေဖြင့် အလေးနက်ထား အကူအညီပေးကြရန် KNDF မှတောင်းဆိုထားသည်။
 
#RedNewsAgency
By Editor