လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာလာမည်ဟု ယခုရက်ပိုင်း သတင်းဖြန့်ထားပြီး ယမန် ( မတ်လ ၂၅ ရက်) နေ့ ညပိုင်းက ဖမ်းဆီးခံထားရသူ အကျဉ်းသား အကျဉ်းသူ (၅၀၀) ခန့်ကို ထောင်ပြောင်းရွေ့လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်ညပိုင်းက ထောင်တွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သာမန်အကျဉ်းသားများကို အသုတ်ခွဲကာ ထောင်ပြောင်းရွေ့ခဲ့ကြောင်း၊ သာယာဝတီထောင်ကို အများစု ပြောင်းရွေ့ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောသည်။

” မနေ့ကနေ့ပိုင်းကတည်းက ထောင်ပြောင်းတွေကို ပြင်နေတာ ညပိုင်းမှာတော့ ပြောင်းတယ် လူတွေခွဲပြီးတော့၊ သာယာဝတီထောင်ပါတယ် ပြောင်းရမဲ့အထဲမှာ အခြားတော့ ပါမပါမသိသေးဘူး၊ အရေးပေါ်ရွေ့ပစ်တာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထောင်ထဲမှာ လွတ်ငြိမ်းချမ်းသာလာမယ်ဆိုပြီး သတင်းထွက်နေတာ” ဟု ၎င်းကပြောသည်။

မတ်လ (၂၇) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာရှိသည်ဟု အင်းစိန်‌ထောင်တွင်း သတင်းများပြန့်နေကြောင်း၊ စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာတို့တွင် သာမန်အကျဉ်းသားများသာများပြီး နိုင်ငံရေးအကျဉ်းသားလွတ်ပေးမှုမှာ အလွန်နည်းပါးကြောင်း သိရသည်။

#RedNewsAgency

By Editor