စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီအချိန်ဟာ ကျနော်တို့ အားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ အကြမ်းဖက်စစ်အုပ်စု ကို ဖြုတ်ချဖို့အတွက် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြပါစို့လို့လည်း တိုက်တွန်းလိုပါတယ်။ မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း ကျနော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမိုဆောင်ရွက်ပေးဖို့ကို တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

တရုတ်နိုင်ငံ ကိုယ်စားလှယ်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ ဆွေးနွေးပွဲကို အပြုသဘောဆောင်သည့် ဆွေးနွေးပွဲဖြစ်ပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သုံးသပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဆန္ဒကို ဆန့်ကျင်ပြီး မည်သည့်အခါမှ လုပ်ဆောင်မည် မဟုတ်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

#RedNewsAgency

By Editor