မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင်း သောင်းကြမ်းထွက်လာသည့် စစ်ကောင်စီတပ် တပ်မ ၉၉မှ ဘီလူးကွန်မန်ဒို စစ်ကြောင်း မြောင်မြို့နယ်ထဲဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံးကြောင်း သိရသည်။
 
တပ်မ (၉၉) မှ ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင် ပျူစောထီးနှင့်ရဲများမပါဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်နှင့် တပ်သားများသာစုစည်းထားသည့် အင်အား (၁၅၀) ခန့်ပါသည့် စစ်ကြောင်းတခုဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့ည ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM နှင့်မဟာမိတ်များက တိုက်ခိုက်သည့်အတွက် ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။
ဓာတ်ပုံ – Ko Nway Oo-Myaung- စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်များ။

 
“ တိုက်ပွဲဖြစ်တဲ့နေရာမှာ ချက်ခြင်းမီးရှို့ကြတာလဲရှိတယ် အဲချိန်ထပ်ဝင်ပစ်တာ၊ ဒီမနက် အမိန့်ပြန်တမ်းလုပ်ပီး မြေမြုပ်ထားခဲ့တဲ့တပ်ကြပ်ကြီးမြင့်ကျော်အလောင်းကို ရှာတွေ့ပါသေးတယ်၊ သူတို့ဆီမှာ ကျသွားတဲ့စစ်ကြောင်းမှုးအလောင်းလဲ ရေခဲပတ်ပီးထမ်းစင်နဲ့ထမ်းသွားကြပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOMမှ ကိုနွေဦး (မြောင်) က Red News Agency ကိုပြောသည်။
 
မတ်လ ၁၃ ရက်နေ့ကတည်းက မြောင်နယ်သို့ရောက်ရှိလာပြီး ရေလယ်ကျွန်းဒေသတို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ရေလယ်ကျွန်းဒေသရှိ Myingyan Black Tiger(MBT) တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပြီး မတ်လ ၁၈ ရက်နေ့က MBT တပ်ဖွဲ့ ဌာနချုပ်စခန်းနှင့် မတ်လ ၂၁ ရက်နေ့မှာ Myingyan Black Tiger(MBT)၏ စခန်းအမှတ် (၂)ထပ်တို့ စွန့်ခွါခဲ့ရကြောင်း၊ MBT နှင့်တိုက်ပွဲအတွင်း ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ (၆) ဦးသေဆုံးကြောင်း၊ မတ်လ ၂၁ ရက်နေ့ညတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Ko Nway Oo-Myaung- စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်များ။
 
အင်အား (၁၅၀) ကျော်ပါသည့် ဘီလူးကွန်မန်ဒို စစ်ကောင်စီတပ် စစ်ကြောင်းသည် (၆၀) ဝန်းကျင်သာကျန်ရှိပြီး သေဆုံးသွားသည့် စစ်ကြောင်းမှူးအလောင်း ရေခဲပတ်ထမ်းပြီး သွားလာနေရသည့်အတွက် ယနေ့ မြောင်နယ်ထဲမှထွက်ကာ ချောင်းဦးဘက်အထွက်လမ်းရောက်ရှိနေကြောင်း၊ ဘီလူးစစ်ကြောင်းမှပါ စစ်ကောင်စီတပ်သားများတိုင်း ဒဏ်ရာများရရှိထားသည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM မှ ကိုနွေဦး (မြောင်)က ပြောသည်။
 
#RedNewsAgency
By Editor