လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

RNA_ဖားကန့်၊ မတ် (၁၉)၊၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ကျော်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သော (၂) နှစ်ကျော်အရွယ် ကလေးငယ် ယောက်ကျားလေးမှာ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ကလေးငယ်၏ မိခင်မှာ ဦးခေါင်းကျည်ထိထားကာ သတိလစ်မေ့မျောနေပြီး ကလေးငယ်၏ ဘယ်ဘက်လက်တစ်ဖက်မှာ ဖြတ်တောက်ကုသရမည့်အခြေအနေတွင်ရှိပြီး ကာယကံရှင်လက်မှတ်ထိုးမည့်သူမရှိ အခြားဆွေမျိုးသားချင်းများနှင့်ချိတ်ဆက်မရပဲ ဖြစ်နေကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဖားကန့်ဆေးရုံတွင် သင်္ဂဟလူမှုကူညီရေးအသင်းက သားအမိနှစ်ယောက်လုံးကို စောင့်ရှောက်ထားရပြီး ယမန်နေ့က လက်နက်ကြီးဒဏ်ခံခဲ့ရသည့် လုံးခင်း-ငြိမ်းချမ်းသာယာတွင်လည်း စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေသည့်အတွက် လူနာရှင်မိသားစုနှင့်ဆက်သွယ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်းက KIA/PDF က ရဲကားကိုတိုက်ခိုက်ခဲ့ပြီး ရဲ(၃)ဦးသေဆုံးပြီးနောက် စစ်ကောင်စီက လက်နက် ကြီး/ငယ်များဖြင့် ငြိမ်းချမ်းသာယာကျေးရွာအတွင်း ပစ်ခတ်ခဲ့ပြီး ကျေးရွာနေအိမ်တစ်ခုအတွင်းမှ သုံးနှစ်ကျော်ကလေးငယ်နှင့် မိဘနှစ်ပါးအပါ(၃)ဦး၊ ငြိမ်းချမ်းသာယာကုန်တင်ကားကြီးကွင်းတွင် အမျိုးသား (၃)ဦး စုစုပေါင်း (၆)ဦးသေဆုံးခဲ့ရပြီး နှစ်နှစ်ကျော်အရွယ် ကလေးငယ်တို့ သားအမိ(၂)ဦး ပြင်းထန်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အတွင်း နီးစပ်ရာကားအကူအညီဖြင့် ဆေးကုသမှုခံယူသူ (၃)ဦးရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း သိရသည်။

ယမန်နေ့က ထိခိုက်ဒဏ်ရာရသူများအား စစ်ကောင်စီက အချိန်မီဆေးကုသခွင့်မပေးခဲ့ပဲ ည (၁၂) နာရီနောက်ပိုင်းမှ လူမှုရေးအသင်းကားများအား ဝင်ထွက်ခွင့်ပြုခဲ့သလို ထိတွေ့တိုက်ပွဲဖြစ်ပွားရာနှင့် လက်နက်ကြီးထိမှန်သည့်နေရာအနီးတစ်ဝိုက်မှ ပြည်သူများ၏ ဖုန်းများအားလည်း သိမ်းယူသွားခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor