ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။

ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ – ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။

“၃၃၇က မေလယုကနေ ၁၂၀နဲ့ပစ်တယ်။ ကျနော်မှတ်ထားရသလောက် ၁၅ လုံးလောက် ရှိတယ်။ ၃၃၄နဲ့ ၅၁၉ က ကျနော်တို့စခန်းကို အနီးကပ်တက်ပစ်တာ။ မနေ့ကပွဲမှာတော့ သူတို့မတက်နိုင်ဘူး။ ပြန်ဆုတ်တယ်။ ဒီနေ့ဆက်မလားတော့မသိသေးဘူး” ဟု ကရင်နီတပ်မတော် ရင်း(၃)စခန်းအား ကွပ်ကဲနေသည့် အရာရှိက ပြောသည်။

အင်အားအများအပြားဖြင့် စခန်းသိမ်းရန်တပ်လာသည့် စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်သွားချိန် အလောင်းနှစ်လောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း၊ ကရင်နီတပ်မတော်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ကရင်နီတပ်မတော် ဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွီးက ပြောကြားထားကြောင်း ထုတ်ပြတ်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor