ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဝင်စီး (၇) ဦးဖမ်းဆီးခံရ 

RNA_ဖားကန့်၊ မတ် (၁၁)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်သားများက မတ်လ (၁၁) ရက် နေ့လည် (၁၂) နာရီ ကျော်က ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

“ဝင်စီးတာက(၁၂)နာရီ(၁၅)လောက်ဗျ၊ ကျည်ဘောက်လိုက်ဆွဲသံတွေရော တစ်ချက်ချင်းပစ်သံတွေရောကြားရတယ်၊ ပစ်ခတ်သံက(၁၀)မိနစ်လောက်ပဲကြာတယ်၊ ဖမ်းခေါ်သွားတာ ဘယ်နှစ်ယောက်လို့တော့ မရေထားမိဘူး၊ အနည်းဆုံးငါးယောက်လောက်တော့ရှိတယ်၊ ဂုတ်ကိုဆွဲခေါ်သွားတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက Red News Agencyကို ပြောကြားထားသည်။

မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကို မသိရှိရသေးပဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုအလိုက်၊ ကချင်လူမျိုးများ၏ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးများဖွင့်လှစ်ထားသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို ဖြိုခွင်းရန်သွားနေသည့် စစ်ကောင်စီလက်အောက်ခံများ။

ဖမ်းဆီးခံရသူများထဲတွင် KIA အဖွဲ့ဝင်များနှင့် ကျောက်စိမ်းကျင်းတူးသည့် လုပ်ငန်းရှင်အချို့ အစည်းအဝေးလုပ်နေချိန် ဝင်စီးခံရပြီး ဖမ်းဆီးသွားသည်ဟု ရပ်ကွက်အတွင်း သတင်းထွက်‌ပေါ်နေသော်လည်း Red News Agency သတင်းထောက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သတင်းပေးပို့ထသည်။

#RedNewsAgency

By Editor