တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

“သူတို့ပေးတဲ့မြေနေရာက မျောချောင်းနဲ့နီးတယ်၊ မိုးတွင်းဆို အန္တရာယ်များတယ်၊ ကျနော်တို့က အခက်အခဲဖြစ်လို့ ဒီမှာလာစုနေပြီး ဝမ်းစာရေးရှာဖွေနေကြတာ၊ ငွေကျပ်တစ်သိန်းနဲ့ရွှေ့ဖို့လည်း အဆင်မပြေဘူးဗျ”ဟု အဆိုပါမြေနေရာပေါ်မှ ရွှေ့ပြောင်းခံရမည့် ပြည်သူတစ်ဦးကပြောသည်။

အာဏာရှိသူများနှင့်ပေါင်းကာ ပေါ်တင်ခိုးတူးကြသည့် လုပ်ငန်းရှင်များက ယခုလ (၂၅) ရက်နေ့နောက်ဆုံးထား ဖယ်ရှားပေးရန်ပြောဆိုထား‌ကြောင်း၊ တအိမ်ကို ‌ရွှေ့ပြောင်းခ ငွေကျပ်တစ်သိန်းနှင့် (၁၅) ပေပတ်လည် မြေကွက်တစ်ကွက်စီ ပေးမည်ဟု‌ လုပ်ငန်းရှင်များကပြောထားသည်ဟု ၎င်းကပြောသည်။

လက်ရှိစစ်ရှောင်ရွှေ့ပြောင်းပြည်သူများ အခြေချနေထိုင်နေသည့် နေရာအနီးတွင် အများအခေါ် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီမှ ကျောက်စိမ်းတူးဖော်နေကြောင်း၊ ဖားကန့်၌ နွေဦးတော်လှန်ရေး‌နောက်ပိုင်း ကျောက်မိုင်းတွင်းတူးဖော်ကြသူများက ကုမ္ပဏီနာမည်မရှိ ပိုင်ရှင်အမည်လျှို့ဝှက်ကာ စစ်ကောင်စီနှင့် KIA ကို အခွန်ပေးကာ စိတ်ကြိုက်တူးဖော်နေကြသည်ကို တွေ့ရသည်။

#RedNewsAgency

By Editor