TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ TNLA တပ်မဟာ (၂) စစ်ဒေသတွင် ယမန်နေ့ နံနက် (၇) နာရီ (၃၀) မိနစ် ဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

လားရှိုးအခြေစိုက် စစ်ကောင်စီတပ် စကခ(၁၆) ၊ ခလရ (၆၈)မှ အင်အား (၆၀)ဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ တိုက်လေ ယာဉ် (၁) စီးနှင့် ဟတ်စကီး (၁) စီး၊ လက်နက်ကြီးများဖြင့်ပါ ပစ်ကူသုံးခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားချိန် (၂) နာရီအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရရှိကာ သေနတ် (၂)လက်၊ စက်သေနတ် (၁)လက်၊ RPG (၁)လက်၊ လက်ပစ် ဗုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor