တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။

ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှဖြတ်ကာ ကရင်နီပြည်အတွင်း ရိက္ခာနှင့်လက်နက်ခဲယမ်း ဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်စစ်ကောင်း ဖေဖော်ဝါရီ(၁၈) ရက်နေ့က ကရင်နီတပ်မတော်(KA) အမှတ်(၃) တပ်ရင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ (၃)ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

#RedNewsAgency

By Editor