RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇီးပြောင်း (၅) ကျေးရွာအနီး၌ စစ်အုပ်စု ကားတစ်စီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂) ဦးသေဆုံးပြီး အခြား (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇) က နိုဝင်ဘာ (၂၇) ရက်တွင် ထုတ်ပြန်ထားသည်။
ယခုလ နိုဝင်ဘာ (၁၀) ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီးကျေးရွာ အခြေစိုက် စစ်အုပ်စု အမှတ် (၇၀၄) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ဇေယျာထက် လိုက်ပါလာသည့် ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နည်းဗျူဟာ (၃၇) အထူးတိုင်းစစ်ဌာနနှင့် ကညှင်အိုင်ကျေးနယ်တို့က ပူးပေါင်းပြီး ပြောက်ကျားစစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယင်းစစ်ဆင်ရေးအတွင်း စစ်အုပ်စု ဗိုလ်ကြီးနှင့် အခြားတစ်ဦးတို့ သေဆုံးခဲ့ပြီး စစ်အုပ်စုတပ်သား (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ မောင်းနှင်လာသည့်ကားတစ်စီးနှင့်အတူ လက်နက်မျိုးစုံ (၁၀) လက်ကျော်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း နည်းဗျူဟာ (၃၇) ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။