RNA_နိုဝင်ဘာ(၂၇)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား (၄၁) ဦးကို ထိုင်းအာဏာပိုင်များက ယနေ့ (နိုဝင်ဘာ ၂၇ ရက်) ညနေ (၅) နာရီဝန်းကျင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများသည် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကို ဖြတ်ကျော်ကာ မဲဆောက်မြို့နယ် ထဆောင်းလွတ်ကျေးရွာအုပ်စုသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာဘက်မှ ထိုင်းနယ်စပ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများထဲတွင် အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၁၄) တို့ပါဝင်ပြီး ၎င်းတို့သည် မည်သည့်နိုင်ငံများဖြစ်သည်ကို သီးခြားဖော်ပြထားခြင်းမရှိပေ။
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသား (၄၁) ဦးကို မဲဆောက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနှင့်ထိစပ်နေသည့် ထိုင်းနယ်စပ်တစ်လျှောက်၌ ထိုင်းစစ်တပ် နယ်ခြားစောင့်အထူးတပ်ဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများက တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို လုံခြုံရေးတိုးမြှင့် စစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေချိန် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။