RNA_နိုဝင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အထိနာခဲ့ကာ ဆေးကြောင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၁) ဦးကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ကောလင်းမြို့နယ်မှ ကိုးတောင်ဘို့ရွာကို လေကြောင်းပစ်ကူယူပြီး နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်းက အင်အား (၄၀၀) ဝန်းကျင်ဖြင့် မြေပြင်စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ (၁၅) ရက်၌လည်း မိဿလင်ကုန်းရွာ၌ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပြီး စစ်အုပ်စုက Y12 လေယာဉ်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ယင်းထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ (၂၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ဝန်းသိုအခြေစိုက် အမှတ် (၁၁၁) ခြေမြန်တပ်ရင်းမှ သက်ကြီးပိုင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁) ဦးကို WY ဆေးပြားများ၊ ငွေသားများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း န်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် ခမရ (၁၁၁) စစ်ကြောင်းသည် စစ်ကိုင်းမြို့ အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ နည်းဗျူဟာ ၃၃၂ မှ ဗျူဟာမှူး ကျော်ဆန်းဝင်း ဦးဆောင်ပြီး ခမရ (၁၁၁) နှင့် ခမရ (၁၂၀) တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
စစ်အုပ်စုစစ်ကြောင်းသည် နိုဝင်ဘာ (၁၆) ရက်၌ ဇော်ချောင်းရွာနှင့် သင်တောရွာတို့သို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပေါက်ဆိန်ကုန်းရွာနှင့် ကံကြီးရွာဘက်သို့ စစ်ကြောင်းထိုးမှုများ ရှိနေကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများနှင့်ပတ်သက်၍ စစ်အုပ်စုက အင်းတော်-ဝန်းသို-ကောလင်း-ကျွန်းလှ-ကန့်ဘလူတစ်လျှောက်ရှိ ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။