ရေးမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ဦး သေဆုံးပြီး (၁၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ရက်ဆက် လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ (၁၆) ရက် နေ့လည် (၁) နာရီဝန်းကျင်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ရေးမြို့နယ် ရေချောင်းဖျားရှိ ချဲ့ဒိုက်ရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ (၂) ဦး သေဆုံးခဲ့ပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ (၁၅) ရက် ည (၁၁) နာရီဝန်းကျင်ကလည်း ဖလံချောင်းဝရွာကို စစ်အုပ်စုက ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ (၁၆) ရက် နံနက်အစောပိုင်း (၂) နာရီဝန်းကျင်၌လည်း Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ (၂၀) ကျော် ကြဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ဒေသခံပြည်သူ (၁) ဦး သေဆုံးခဲ့ကာ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း RMA က ဖော်ပြထားသည်။

ယခု နိုဝင်ဘာလအတွင်း၌ စစ်အုပ်စုနှင့် ရာမညမွန်တပ်တော် (RMA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး ကျိုက်မရောမြို့နယ်အတွင်းရှိ စစ်အုပ်စုဂိတ်စခန်း (၃) ကို ရာမညမွန်တပ်တော်နှင့် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

By RNA Editor