RNA_နိုဝင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ စစ်အုပ်စု လက်အောက်ခံ ရဲတပ်သား (၁) ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာကြောင်း တောင်သာ PDF (TTA PDF) က ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေစိုက် အမှတ် (၅) ရဲတပ်ရင်းမှ ရဲတပ်သားသည် BA-63 သေနတ် (၁) လက်၊ ကျည် (၂၃၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံးတို့နှင့်အတူ နိုဝင်ဘာ (၁၆) ရက်က အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို TTA PDF က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
ယခု နိုဝင်ဘာလဆန်းပိုင်းကလည်း မှော်ဘီ ရဲတပ်ရင်း (၅) မှ ရဲတပ်သား (၂) ဦး TTA-PDF ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း TTA PDF က ထုတ်ပြန်ထားသည်။ ထို့ပြင် ၂၀၂၄-၂၀၂၅ ခုနှစ်ကလည်း မှော်ဘီ ရဲတပ်ရင်း (၅) မှ ရဲတပ်သားအချို့ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။