အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာမည်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်လုံခြုံရေး၊ ရေထုညစ်ညမ်းမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်သည် နိုဝင်ဘာ (၁၂) ရက်တွင် နေပြည်တော်သို့ လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သိရှိလိုကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်သည် လာမည့် နိုဝင်ဘာ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ နှစ်နိုင်ငံ ထိပ်ပိုင်းတာဝန်ရှိသူများ တွေ့ဆုံမှုတစ်ခုလည်း ဖြစ်သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ခံထားရသည့် စစ်အုပ်စုကို အာဆီယံအဝန်းအဝိုင်းအတွင်း ပြန်လည်ပါဝင်နိုင်ရန် ထိုင်းအစိုးရက ကြိုးပမ်းနေခြင်းဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများ ဖြေရှင်းနိုင်မည်ဟု ထိုင်းအစိုးရက ပြောကြားထားသည်။

မြန်မာစစ်တပ် (စစ်အုပ်စု) ၏ နယ်စပ်စစ်ဆင်ရေးများ၌ ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တို့ကြောင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ထိုင်းပြည်သူများကို မထိခိုက်စေရန် လိုအပ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားထားသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ လျော့ကျရန် အာဆီယံနှင့် ထိုင်းနိုင်ငံတို့က မြင်တွေ့လိုပြီး သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးသည် အပြုသဘောဆောင်သည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

နှစ်နိုင်ငံနယ်စပ်မှတဆင့် တရားဝင်ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ မြန်မာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူချောမွေ့ရန် ထိုင်းဘက်က အလိုရှိနေပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ မြစ်ကြောင်းများ၌ ရေထုညစ်ညမ်းမှုပြဿနာများကိုလည်း တွေ့ဆုံမှုအတွင်း ဆွေးနွေးရန်ရှိနေကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor