အင်းတော်နှင့် ထီးချိုင့်မြို့နယ် တိုက်ပွဲများအတွင်း စစ်အုပ်စုလက်အောက်ခံ (၈၀)နီးပါး သေဆုံး

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်တို့၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်အုပ်စုဘက်မှ တပ်သားသစ်စုဆောင်းခံရသူများအပါအဝင် (၇၉) ဦး သေဆုံးခဲ့ပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (အထူးလှုပ်ရှားတပ်မ) က နိုဝင်ဘာ (၈) ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်က ထီးချိုင့်မြို့နယ် တုံလုံကျေးရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုစခန်းတစ်ခုကို အထူးလှုပ်ရှားတပ်မ လက်အောက်ခံ အမှတ် (၆၆၂) နည်းဗျူဟာနှင့် ကသာခရိုင်တပ်ရင်း (၃) တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တုံလုံကျေးရွာတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တပ်ကြပ်ကြီး (၁) ဦးအပါအဝင် (၉) ဦး သေဆုံးခဲ့ပြီး (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အထူးလှုပ်ရှားတပ်မမှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အင်းတော်မြို့နယ်အတွင်း အင်အား (၅၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်လာသည့် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များနှင့် အထူးလှုပ်ရှားတပ်မ ပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ (၈) ရက်မှ (၁၇) ရက်နေ့အထိ (၁၀) ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်အုပ်စုစစ်ကြောင်းကို အထူးလှုပ်ရှားတပ်မ အမှတ် (၉၉) နည်းဗျူဟာအဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဓမ္မတပ်သားသစ် စုဆောင်းခံရသည့် စစ်မှုထမ်းရဲဘော်များအပါအဝင် (၇၀) ကျော် သေဆုံးခဲ့ပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်အုပ်စုတပ်ဖွဲ့ဝင် (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် (၁၀) ရက်ကြာ တိုက်ပွဲအတွင်း အထူးလှုပ်ရှားတပ်မမှ ရဲဘော် (၆) ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ကာ စစ်အုပ်စုထံမှ RPG (၁) လက် အပါအဝင် လက်နက်ငယ်အများအပြားနှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မြေပြင်တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု (၅၂) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅၈) ကြိမ်နှင့် ဒရုန်းတိုက်ိုက်မှု (၆၉) ကြိမ်ထိ အလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၂၃) နှင့် (၂၄)ရက်နေ့တို့ကလည်း အထူးလှုပ်ရှားတပ်မ လက်အောက်ခံ အမှတ် (၆၆၂) နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာန လက်အောက်ခံ အမှတ် ၉၃) အထူးတပ်ရင်းနှင့် အမှတ် (၉၇၁၀) တပ်ဖွဲ့တို့ ပူးပေါင်းပြီး မန္တလေးတိုင်း တကောင်းမြို့နယ် နီကယ်တောင်နှင့် (၆) မိုင်ဂိတ်တို့ရှိ စစ်အုပ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor