RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။
စစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင် (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဒုတိယအကြိမ်မြောက် ညီလာခံကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၂၈) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံ၌ ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ AA တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ SRA ဦးဆောင်ကော်မတီဝင် ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် SRA ညီလာခံ၌ အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့များအတွင်း စစ်ဥပဒေချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများရှိလာပါက ထိန်းကျောင်းအရေးယူမှုများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
SRA ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ ပြင်ဆင်မှုရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း မည်သည့်အကြောင်းအရာများကို ပြင်ဆင်ခဲ့ကြောင်း ဖော်ပြထားခြင်းမရှိသည့် အခြေအနေနှင့်ပတ်သက်၍ SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကို Red News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
ယင်းအစည်းအဝေးသို့ SRA ဦးဆောင်ကော်မတီဝင်များ၊ SRA အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တပ်မှူးများနှင့် လေ့လာသူပေါင်း (၉၅) ဦး တက်ရောက်ခဲ့ပြီး စစ်ဒေသ (၃) ခုနှင့် ဌာနအသီးသီးမှ တင်သွင်းလာသည့် အစီရင်ခံစာများကို တစ်ခုချင်းစီအလိုက် အပြန်အလှန်ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
SRA တပ်ပေါင်းစုကို ၂၀၂၅ ဒီဇင်ဘာလ (၁၅) ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင် (CB) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ကရင်နီတို့မှ တော်လှန်ရေးတပ်ဖွဲ့ပေါင်း (၁၉) ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
SRA တပ်ပေါင်းစုအနေဖြင့် စစ်ရေးစုဖွဲ့မှုတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေးအရပါ စုဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် တပ်ပေါင်းစု ဦးဆောင်ကော်မတီသည် စစ်ရေး၊ နိုင်ငံရေး မူဝါဒ ဦးဆောင်အဖွဲ့ဖြစ်ကြောင်း ညီလာခံ၌ ထပ်မံအတည်ပြုခဲ့သည်ဟု သိရသည်။
ထို့ပြင် SRA တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးတို့အတွက် မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။