RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်ကြား အုတ်ရှစ်ကြီးရွာအနီး၌ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရကြောင်း ဒီပဲယင်းဒေသခံတစ်ဦးထံက သိရသည်။
ယခုလ အောက်တိုဘာ (၄) ရက်က ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာ၌ လက်နက်ဖိုး အကြွေးသွားတောင်းသည့် ဘုတလင် ပကဖအဖွဲ့မှ ရဲဘော် (၂) ဦးသည် ငွေကျပ် သိန်း (၂၀၀) ကျော်နှင့်အတူ ပေါက်ချိုင်ရွာမှ ပြန်လာချိန် အရာတော်မြို့နယ် အုတ်ရှစ်ရွာအနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ချိုင်ဘက်ကို ကြွေးသွားတောင်းပြီးအပြန်မှာ ဖြစ်တာ။ သူတို့ ရောင်းထားတဲ့ (လက်နက်ဖိုး) ပစ္စည်းအတွက် အကြွေးသွားတောင်းပြီး အပြန်မှာ ဖြစ်တာ။ အချင်းချင်းကြား ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်ပြီး သူတို့အချင်းချင်းကြား ဖြစ်တာ။ ဖြစ်တာက ကျွန်တော်တို့အနီးတင် ဖြစ်သွားတာ” ဟု ဒီပဲယင်းဒေသခံတစ်ဦးက Red News Agency ကို ပြောသည်။
ဘုတလင် ပကဖအဖွဲ့ဝင် ရဲဘော် မင်းသီဟနှင့် အောင်မင်းထွေးတို့ လုပ်ကြံပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ပေါက်ချိုင်ရွာမှ ပကဖအဖွဲ့ဝင် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြထားပြီး ကျူးလွန်သူဟု စွပ်စွဲခံထားရသူများကို မုံရွာခရိုင် ပကဖထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Red News Agency က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ယခု အောက်တိုဘာ (၅) ရက်နေ့ကလည်း ဆားတောင်မိုးကြိုးပြောက်ကျားအဖွဲ့ ခေါင်းဆောင်ဖြစ်သူ မိုးကြိုးကို အိုင်းဓမ္မကျေးရွာ စတားလင့်ခ်ဆိုင်အတွင်း၌ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဆားတောင်အခြေစိုက် ဂျိမ်းစိုး ဦးဆောင်သည့် LPDF အဖွဲ့များနှင့် ဆားတောင်မိုးကြိုးပြောက်ကျားအဖွဲ့မှ တပ်ဖွဲ့ဝင် စုစုပေါင်း (၃၈) ဦးတို့သည် ပြီးခဲ့သည့် စက်တင်ဘာ (၂၂) ရက်က စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်ခဲ့ချိန် ခေါင်းဆောင်ဖြစ်သူ မိုးကြိုးသည် လိုက်ပါသွားခဲ့ခြင်းမရှိဘဲ ဒေသတွင်း၌ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။