RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။
မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။
မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာမက ထောင်မကျခင်က ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်အထိကိုပဲ ကျန်းကျန်းမာမာနဲ့ ထောင်ဝင်စာတွေ့ခွင့်ရလိုက်သေးတယ်။ (၂၇) ရက်နေ့ညပိုင်းမှာ မူးလဲသွားတယ်။ မူးလဲပြီးပြီးချင်း ဆေးဝါးကုသမှုမပေးဘူး။ သေဆုံးခါနီး စက်တင်ဘာ (၂၈) ရက် မနက်ပိုင်းကျမှ ဆေးရုံဘက်ကို လွှဲပေးလိုက်တာမျိုး ဖြစ်တာပါ”ဟု AFCC ၏ ပြောရေးဆိုခွင့်ရှိသူ မမေနှင်းက Red News Agency ကို ပြောသည်။
အိုးဘိုအကျဉ်းထောင်အတွင်း၌ ကွယ်လွန်ခဲ့သည့် ဆရာမ ဒေါ်ခင်သီတာသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်ပြီး အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် အခြား CDM ဝန်တမ်းများကိုလည်း ထောက်ပံ့ကူညီခြင်း၊ စောင့်ရှောက်ပေးခြင်းတို့အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များ၌ ကျရာနေရာမှ ပါဝင်ခဲ့ကြောင်း သိရသည်။
အိုးဘိုထောင်တွင်း လုံလောက်သည့် ဆေးဝါးကုသမှုမရရှိခဲ့ခြင်းကြောင့် CDM ဆရာမ ဒေါ်ခင်သီတာ ကွယ်လွန်ခဲ့သည့်အပါ် AFCC အနေဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်း၊ ဆရာမ ဒေါ်ခင်သီတာ၏ နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေး တိုက်ပွဲတို့အပေါ် ထားရှိသည့် ယုံကြည်မှုနှင့် ကြိုးပမ်းမှုတို့ကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း AFCC က ပြောကြားထားသည်။
စစ်အုပ်စု မတရားဖမ်းဆီးခဲ့ပြီးနောက် အိုးဘိုထောင်တွင်း ဆေးဝါးကုသမှု အလုံအလောက်မရရှိခဲ့ခြင်းကြောင့် ကွယ်လွန်ခဲ့သူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က မန္တလေးတိုင်း ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မြင့်မောင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့လည်း ၂၀၂၄ ခုနှစ်အတွင်း၌ ကွယ်လွန်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၈၃) ဦးရှိခဲ့ပြီး ယင်းတို့အထဲ၌ ဆေးဝါးကုသခွင့် အလုံအလောက်မရရှိခဲ့ခြင်းကြောင့် သေဆုံးခဲ့သူဦးရေသည် (၁၄၈) ဦးအထိရှိကြောငး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားသည်။