ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းမှ ကျေးရွာများကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

ရေဦးမြို့နယ်အနောက်ပိုင်း ညောင်ပင်သာရွာ၊ မကြီးကုံး (မကျည်းကုန်း) ရွာ၊ အုတ်ဖိုရွာနှင့် ညောင်စောက်ရွာတို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အောက်တိုဘာ (၄) ရက် နေ့လည် ပိုင်း၌ စစ်အုပ်စုက အသေခံဒရုန်း (၃) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်စောက်ရွာမှ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ကာမီကာဇယ် အသေခံဒရုန်း (၃) စီး နဲ့ ရေဦးအနောက်ပိုင်း ကျေးရွာတစ်ရွာ ကိုတိုက်ခိုက်ခံရပြီး ပြည်သူ အမျိုးသမီး (၁) ဦး လက်ကောက်ဝတ်ပြတ်တယ်၊ (၈) နှစ်ကလေးငယ် ပေါင်ကိုထိမှန်တယ်။ မိန်းခလေးတစ်ဦး သတိမေ့မျောသွားတယ်”ဟု ရေဦးမြို့နယ် ပကဖက Red News Agency ကို ပြောသည်။

အသေခံဒရုန်း (၃) စီးသည် မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် People’s Defense Comrade က ဖော်ပြထားသည်။

အရပ်သားပြည်သူမျာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အသေခံဒရုန်း (၃) စင်းတွင် (၁) စီးသာ ဒေသခံနေအိမ်ကို ထိမှန်ခဲ့ပြီး ကျန်ဒရုန်း (၁) စင်းသည် ကျေးရွာအနိး လယ်ယာစိုက်ခင်းထဲ ပျက်ကျကာ အခြားဒရုန်း (၁)စင်းသည် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့ကြောင်း ရေဦးမြို့နယ် ပကဖက ပြေသည်။

မပေါက်ကွဲဘဲ ကျေးရွာအနီး ကျရောက်ခဲ့သည့် စစ်အပ်စုအသေခံဒရုန်း (၁) စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ရှင်းလင်းပေးခဲ့ကြောင်းလည်း သိရသည်။

By RNA Editor