RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ အထူးတိုင်းစစ်ဌာနနယ်မြေအတွင်း ဗုံးကြဲခံရမှုသည် စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့် သတင်းပေါက်ကြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အထူးတိုင်းစစ်ဌာနက ယနေ့ (စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်လာသည်။
စက်တင်ဘာ (၂၄) ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာသည် အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းနေရာဖြစ်ပြီး နေပြည်တော် လေတပ်စခန်းဌာနချုပ်မှ MiG-29 ဂျက်ဖိုက်တာ လေယာဉ် (၂) စင်းဖြင့် ဗုံးသီး (၄) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် “ရန်သူ (စစ်အုပ်စု) ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရသော မိမိတို့၏ ရဲဘော်များအား အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိသော ထွက်ဆိုချက်များကို အခြေခံ၍ သတင်းပေါက်ကြားမှုဖြစ်ကာ လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း” စုံစမ်းသိရှိရသည်ဟု အထူးတိုင်းစစ်ဌာနက ဖော်ပြထားသည်။
အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း CDM တပ်ကြပ်ကြီး ကိုနေဝင်းအောင်နှင့် တိုင်းစစ်ဌာန လုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော် (၂) ဦး၊ ဆက်သွယ်ရေး ရဲဘော် (၂) ဦးတို့ ကျဆုံးခဲ့ပြီး အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ကိုအောင်စံရှားအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနနယ်မြေကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ချက်၌ တော်လှန်ရေး (မူရင်းအသုံးအနှုန်း – အကြမ်းဖက်သောင်းကျန်းသူ) အဖွဲ့မှ “အတွင်းလူအချို့၏ သတင်းပေးပို့မှုများကြောင့်” ဟု ဖော်ပြထားပြီး အထူးတိုင်းစစ်ဌာနချုပ်နေရာအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။