RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ (၄၉) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၅၈) ဦးထဲတွင် (၂၂) ဦးသည် စိုးရိမ်ရကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၈) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ဈေးရောင်းဈေးတယ်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူများအပါအဝင် အများပြည်သူ သွားလာရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည် (၁၂) နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် စစ်ရာဇဝတ်မှုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွင် တိုက်ရိုက်တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ အမိန့်ပေးသူ၊ အမိန့်လိုက်နာသူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို ထိုက်တန်သည့် တုံ့ပြန်မှုများဖြင့် လက်တုံ့ပြန်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်အုပ်စုက စစ်မျက်နှာ (၇) ခုဖွင့်ကာ စစ်ကြောင်းထိုးတိုက်ခိုက်နေသော်လည်း မြေပြင်ထိုးစစ်များ၌ အထိအခိုက် အကျအဆုံးများပြီး စစ်ရေးရှုံးနိမ့်ကာ စစ်ရှုံးတပ်အဖြစ်သို့ ရောက်ရှိနေကြောင်း ULA/AA က ပြောသည်။

ယင်းကဲ့သို့ စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသည့် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများရှိရာ အခြေခံအဆောက်အအုံနေရာများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေးနှင့် ရပ်ကွက်၊ ကျေးရွာများကိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်ဆောင်နေကြောင်း သိရသည်။
ကျောက်တော်ဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တစ်ရက်တည်း၌ပင် အဉ္ဇနပူရ(မင်းပြား)မြို့နယ် စွန်းရဲရွာနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၉) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။